စာရေးဆရာလင်းသိုက်ညွန့်နှင့်အကြိုက်ဆုံးစာအုပ်၁၆အုပ်

ဆရာ စာစဖတ်ခဲ့တုံးက ပထမဆုံးစာအုပ် ဒါမှ မဟုတ် အကြိုက်ဆုံး၊ အမှတ်တရ အဖြစ်ဆုံး စာအုပ်ရှိရင်လည်းပြောပြပေးဦး။ 
 
ကျွန်တော် ပထမဆုံး ဖတ်တာတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်တော်အသက် ၁၄ နှစ်မှာ Beauty မဂ္ဂဇင်းမှာ ကျွန်တော် အကြိုက်ဆုံးစာအုပ်ဆိုပြီးဆောင်းပါးလေးရေးခဲ့တယ်။ အဲဒါက အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ မြန်မာဂုဏ်ရည်သူရဲကောင်းများစာအုပ်ပေါ့။ မှတ်မှတ်ရရ ကျွန်တော် ပထမဆုံး ရေးတဲ့ စာမူက စာအုပ် အကြောင်းလေး ဖြစ်နေတာ ပေါ့နော်။ အဲဒီစာအုပ်ကို ဘာဖြစ်လို့ ကြိုက်လဲဆိုတော့ အဲဒီခေတ်က ကျန်ကျောင်းတို့၊ ပေါင်ချိန်တို့၊ ပိုးမင်းသားတို့ ခေတ်စားနေတဲ့ အချိန်လေ။ မြန်မာ လူငယ်တစ်ယောက် အနေနဲ့ တို့ မြန်မာ မှာရော ဒီလို သူရဲကောင်းဆန်ဆန်တွေ မရှိဘူးလားဆိုပြီး အဲဒီမြန်မာဂုဏ်ရည် သူရဲကောင်းမှာက ပုဂံခေတ်က သူရဲကောင်း ကျန်စစ်သား အပါအ၀င် သူရဲကောင်း လေးယောက်အကြောင်း ရေးထားတာပေါ့။ ဒါလေးကို သဘောကျလို့၊ တို့မှာလည်း ရှိတယ် ဆိုတာဖော်ပြီး ရေးထားတာပါ။
 
စာတွေ ဖတ်ဖို့ရော ဘယ်လို တိုက်တွန်း စကားပြောပြချင်လဲ။ 
 
ဘ၀မှာ မြန်မြန် အောင်မြင်ချင်ရင် စာဖတ်ပါလို့၊ ကျွန်တော့်တို့ လူငယ်တွေက စာဖတ်တာကိုယုံကြည်မှု များ လျော့နေလားလို့။ သူတို့ပတ်ဝန်းကျင်မှာ စာမဖတ်တဲ့သူက အောင်မြင်နေတာလည်းရှိတော့ ဒါတွေက စစ်မှန်တဲ့ အောင်မြင်မှု မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ နှစ် ၆၀ ထက်အောင်မြင်မှသာ ဒါဟာ စစ်မှန်တဲ့ အောင်မြင်မှုလို့ ပြောလို့ရတာပေါ့နော်။ နှစ် ၆၀ ထက် အောင်မြင်သူတွေဟာ သူတို့ဘ၀မှာ စာဖတ်တယ်ဆိုတာ တွေ့ရတယ်။
 
ဆရာရော တစ်နေ့ ဘယ်နှနာရီလောက် စာဖတ်ဖြစ်လဲ။ 
 
အမှန်အတိုင်း ၀န်ခံရရင် စာရေးဆရာဖြစ်လာမှ ကျွန်တော်စာတောင် သိပ် မဖတ်ဖြစ်တော့ဘူး။ ဟိုးအရင်တုန်းက ဖတ်ခဲ့တဲ့ စာတွေနဲ့ လုပ်စားနေရတဲ့ အနေအထားဖြစ်နေတယ်။ မဂ္ဂဇင်းနဲ့ စာစောင်တွေရေးတဲ့ အပြင် ဟောပြောပွဲတွေ ကလည်းရှိတော့ စာဖတ်ဖို့က တစ်နေ့ကို တစ်နာရီလောက်ကို လုဖတ်နေရတယ်။ နောက်ပြီး ကမ္ဘာမှာလည်းပြောကြတယ်၊ စာဖတ်တယ် ဆိုတာ သူတို့က Book ကိုဖတ်မှ စာဖတ်တာပေါ့။ မဂ္ဂဇင်းကို ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ မဂ္ဂဇင်း၊ ဂျာနယ်ဖတ်တာကို စာဖတ်တယ်လို့ မပြောဘူး။ အခုခေတ်က သတင်းခေတ်လေ။ မဂ္ဂဇင်း၊ ဂျာနယ်တို့က အင်ဖော်မေးရှင်းကို ဖတ်ကြတယ်။ အဲဒါက ကျွန်တော်တို့က အင်ဖော်မေးရှင်းကို စားနေတာလေ။ ဒီလိုစာအုပ်တွေကို ဖတ်မှစာဖတ်တယ်လို့ ကမ္ဘာမှာ သတ်မှတ်တယ်။ နောက်ပြီး စာအုပ်ကိုတစ်အုပ်လုံးပြီးအောင် ဖတ်မှ စာဖတ်တယ်ပေါ့။ ဒါပေမဲ့ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ စကြတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက လူတွေနဲ့ အရင်းနှီးဆိုံး လက်တစ်ကမ်း မီဒီယာ ဖြစ်နေတာကိုး။ အဲ့ဒီကနေ တစ်ဆင့် တက်ပြီး Book တွေ ဖတ်ပါ။ မဖတ်သင့်တဲ့ စာဆိုတာတော့ မရှိပါဘူး။
စာဖတ်ဖို့ကလည်း မိဘတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ကလေးတွေကို စာဖတ်ပါ စာဖတ်ပါလို့ပဲ့ ပြောနေလို့ မရဘူးလေ။ သူဘယ်လို ဖတ်ချင်လာအောင် ဆွဲဆောင်မလဲ၊ ကျွန်တော်ဆိုရင် ပုံပြင်လေး ဖတ်ပြမယ်၊ ကောင်းခန်း ဒါမှမဟုတ် ဇာတ်သိမ်းခန်းကို မဖတ်ပြတော့ဘူး။ သား ဒီမှာ စာအုပ် သိချင်ရင် သားကိုယ်တိုင် ဆက်ဖတ်ပါ။ အဲဒီမှာ သူသိချင်ပြီလေ။ သူဖတ်တော့မယ်။ အဲဒီလိုပေါ့။ ကလေးဘ၀မှာ မလုပ်ရင် လူကြီးရောက်ရင်လည်း မလုပ်ချင်တော့ဘူး။ ဒါကြောင့် ကလေး ဘ၀ကတည်းက အလေ့အကျင့် လုပ်ဖို့ အရေးကြီးပါတယ်။
 
စာဖတ်ခြင်းနဲ့ ပတ်သက်လို့ တခြား ဘာများပြောပြချင်ပါသေးလဲ။ 
 
စာဖတ်တယ်ဆိုတာ ရှေးကတည်းက ရှိခဲ့တဲ့ ရှေးအကျဆုံး မီဒီယာတွေ ပါ။ နောက်မှသာ ဒစ်ဂျစ်တယ် မီဒီယာတွေ ပေါ်လာတယ်ပေါ့။ မီဒီယာဘိုးအေကြီးက စာဖတ်ခြင်းပေါ့။ နောက်လည်းဆက်လက် တည်တံ့နေမယ့် မီဒီယာ ဖြစ်တယ် စာဖတ်ရင်လည်း နှလုံးသား အာဟာရ၊ သုတ အာဟာရ မျှအောင်ဖတ်စေချင်ပါတယ်။ ဘ၀ ကိရိယာ ဖြစ်ပါတယ်။ ရသ စာပေ ကတောင်ပေါ်ကပြုတ်ကျတဲ့အခါ ပြန်ထဖို့ အားပေးတဲ့ ကိရိယာဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်ကြပါလို့။