လူငယ်တွေ အရှုံးကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ကြစေလိုတဲ့ လူငယ်စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) နဲ့ တွေ့ဆုံခြင်း (အပိုင်း ၁)

ဘ၀မှာ လူသားတွေ အောင်မြင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။ ဘယ်လိုလုပ်မှ အောင်မြင်နိုင်ပါသလဲ။ အောင်မြင်နေတဲ့ လူတွေကရော ဘယ်လိုအောင်မြင်လာကြတာလဲ။ တိကျ မှန်ကန်တဲ့ အဖြေတစ်ခုကတော့ ရှိပါတယ်။ အဲဒါကတော့ ‘ကိုယ်ပိုင်အရည်အသွေးတွေကို အစွမ်းကုန်ထုတ်သုံးပြီး တိကျခိုင်မာတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို အပြုသဘောဆောင်တဲ့ အမြင် အတွေးတွေနဲ့ ရွေးချယ်ဆုံးဖြတ်ကာ မဆုပ်မနစ်ကြိုးစားခြင်းပါပဲ့။’ လူတစ်ယောက်ကို အောင်မြင်တဲ့သူတစ်ဦး ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အပြုသဘောဆောင်တဲ့ အကောင်းမြင် ၀ါဒကလည်း အထူးအရေးကြီး လှပါတယ်။ အပြုသဘောဆိုရာမှာကိုယ် အရှုံးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုရင်ပဲ ‘ ငါဘ၀မှာ အရှုံးတစ်ခုနဲ့ ရင်ဆိုင်ရတာပဲ။ အောင်မြင်ဖို့အတွက် ငါမဝေးတော့ဘူးလို့ အပြုသဘော ဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ တွေးဆတတ်တာဟာ လူတစ်ဦး ပြောင်းလဲဖို့ အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ဘ၀မှာ အောင်မြင်မှုရဖို့အတွက် ယှဉ်ပြိုင်မှုတွေကများစွာ အရေးကြီး ဘာကြပါတယ်။ ရိုးသား၊ ကြိုးစားပြီး အကောင်းမြင် ၀ါဒမှာ ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တွေဟာ ဘ၀မှ ရှေ့ဆုံးထိပ်တန်းနေရာကနေ ရပ်တည်လာနိုင်ကြတာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ ရည်ရွယ်ချက်၊ ရည်မှန်းချက်မရှိဘဲ လမ်းပျောက်နေတဲ့ လူငယ်တွေ အများကြီးရှိနေပါသေးတယ်။ ‘အောင်မြင်မှု Success’ ဆိုတဲ့ အလှမ်းဝေးနေတဲ့ လူငယ်တွေ အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုပဲ မျှဝေ ပါတယ်။ ဆရာ လင်းသိုက်ညွန့်ဟာ ABE Diploma ဘာသာရပ်မှာ ကမ္ဘာ့အမှတ်အများဆုံးဆု ရရှိထားတဲ့ ကျောင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တည်ထောင်ထားတဲ့ မြန်မာ့မြေ စာအုပ်တိုက်ကနေ စာအုပ် ၈ အုပ်ထွက် ရှိထားပြီး နောက်ဆုံးထွက်ရှိခဲ့တဲ့ ‘တို့မြန်မာတွေ အာရှကျားဖြစ်စေဖို့’ စာအုပ်ဟာ အရောင်းရဆုံး နံပတ် ၁ အဖြစ် လေးပတ်ဆက်တိုက် အောင်မြင်ခဲ့ပါတယ်။ Hello, Teen, HR စတဲ့ ဂျာနယ် မဂ္ဂဇင်းတွေမှာ လည်း လစဉ်၊ အပတ်စဉ်၊ ပင်တိုင်ရေးသားနေတဲ့ လူငယ်စာရေးဆရာ တစ်ဦးဖြစ်ပါတယ်။ ဒါအပြင် ‘အောင်မြင်မှု’ နဲ့ သက်ဆိုင်တဲ့ ပညာရေး ဟောပြောပွဲတွေကိုလည်း အမြဲမပြတ် ကျင်းပပြုလုပ်ပေးနေပြီး လုပ်သမျှ ပွဲတိုင်းဟာလည်း ခန်းမပြည့်လျှံအောင် ပရိသတ်အားပေးမှုက များပြားလှပါတယ်။ အသက် ၂၅ ကျော်သာ ရှိသေးတဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့်ရဲ့ လူငယ်တွေအတွက် ဆွေးနွေး အကြံပြုထားတဲ့ စကားသံတွေကိုလည်း သရဖူ လူငယ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
 
ကိုလင်းသိုက်ညွန့် မင်္ဂလာပါ။ ပထမဦးဆုံး အစ်ကိုရဲ့ ကိုယ်ရေးအကျဉ်းလေး သိပါရစေ။ 
 
ဟုတ်ကဲ့။ ကျွန်တော်က ၁၉၈၆ ခုနှစ်မှာ မွေးပါတယ်။ ကျွန်တော် ရန်ကုန် အဝေးသင် တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကိုရပါတယ်။ နောက်ပြီး အင်္ဂလန်နိုင်ငံကနေ B.Sc (Hons:) ဘွဲ့ကိုရပါတယ်။ ကြာထဲမှာ Diploma တွေလည်း တက်ဖြစ်ပါတယ်။ စာစရေးတာတော့ ကျွန်တော် အသက်၁၄ နှစ် န၀မတန်းတုန်းက ၂၀၀၀ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းမှာ ‘ကျွန်တော်အကြိုက်ဆုံးစာအုပ် တစ်အုပ်’ဆိုတဲ့ ဆောင်းပါးကိုစတင် ဖော်ပြခြင်း ခံရပါတယ်။ လက်ရှိ အချိန်အထိ ၀တ္ထု ၅ အုပ် ထွက်ရှိပြီးပါပြီ၊ ဆောင်းပါးပေါင်းချုပ်ကတော့ ၃ အုပ် ထုတ်ဝေပြီးပါပြီ။
 
ဟုတ်ကဲ့။ အစ်ကို့ မိသားစုနဲ့လည်း မိတ်ဆက်ပေးပါဦး။ 
 
ကျွန်တော့် မိသားစုက သုံးယောက်ပဲ ရှိပါတယ်။ အဖေက ဦးစိုးအောင်၊ အမေက ဒေါ်သီသီသိုက်ပါ။ အခု သုံးဦးစလုံး အတူတူနေပါတယ်။ မွေးချင်းမောင်နှမလည်း မရှိပါဘူး။ တစ်ဦးတည်းသော သားပါ။
 
ငယ်ဘ၀ အမှတ်ရစရာလေးတွေ ရှိရင်လည်းပြောပြပေးပါဦး။ 
 
ငယ်စဉ်က အမှတ်တရဆိုတော့ ကျွန်တော်က ငယ်ငယ်လေးကတည်က စာရေးတယ်။ သုံး၊လေး၊ငါးတန်း လောက်ကပေါ့။ ဘယ်မှာရေးလဲဆိုတော့ ပလုတ်တုတ်၊ ပူတူတူးလေး၊ ကလေးဂျာနယ်တွေမှာပေါ့။ အဲဒီဂျာနယ်တွေမှာ အပတ်တိုင်းရေးတယ်။ ဦးဌေးဝင်းဇော်ဆီကိုလည်း အပတ်တိုင်း သွားတယ်။ အဲဒီမှာ ပုံတွေလည်း များများသုံးတာပေါ့။ ပုံနည်းတဲ့ အပတ်စဉ်ဆိုရင် သွားပြီး ဆူဆူပူပူသွားလုပ် လိုက်သေးတယ် (ရယ်လျက်) ငယ်ငယ်လေးကတည်းကစပြီး စာပေနဲ့ ထိတွေ့ မှု ရှိပါတယ်။ ကျွန်တော့် အဘိုးကြောင့်လည်း စာပေနဲ့ ရင်းနှီးခဲ့တာပါ။ ထူးထူးခြားခြား အမှတ်တရဆိုရင် ငယ်ငယ်တုန်းက ‘ပလုတ်တုတ်’ ဂျာနယ်မှာ ကျွန်တော့် ကဗျာလေး စပါပါတယ်။ ကျွန်တော် သုံးတန်းလောက်မှာပေါ့။ အဲဒီတုန်းက ကျွန်တော် အရမ်းဝမ်းသာ ပါတယ်။
 
ဟုတ်ကဲ့။ အခု ကိုလင်းသိုက်ညွန့်ရဲ့ လက်ရှိ အလုပ်အကိုင်ကို ပြောပြပါဦး။  
 
အခုလက်ရှိ ကျွန်တော့် အလုပ်ကိုင်ကတော့ MHR Management Institute မှာ Lecturer သင်တန်းနည်းပြအဖြစ် ဆောင်ရွက်နေပြီး NCC, ABE Courses တွေရဲ့ အတိုင်ပင်ခံ သင်တန်း နည်းပြ (Expert Consultant) အဖြစ် သင်တန်းတွေ၊ ကုမ္ပဏီတွေနဲ့ Media လုပ်ငန်းတွေမှာ Corporate Training တွေ ပို့ချ ပေးနေပါတယ်။ အခုလောလောဆယ်တော့ ဒီတိုက်မှာ ကျွန်တော့်စာအုပ်တွေကိုပဲ အဓိကထားပြီး ထုတ်ဝေပါတယ်။ 
 
ပညာရေးနဲ့ ပတ်သက်ပြီး ကိုလင်းသိုက်ညွန့်က ငယ်စဉ်ကတည်းက မိဘတွေ တိုက်တွန်းအားပေးမှုကြောင့်လား၊ ကိုယ့်ကိုယ်ပိုင် အရည်အချင်းနဲ့ ကြိုးစားလာခဲ့တာလားဆိုတာ ပြောပြပေးပါဦး။  
 
ဟုတ်ကဲ့။ အမှန်တိုင်း ပြောရရင် ပညာရေးမှာ ကျွန်တော် ၁၀တန်းထိ ကြိုးစားမှု အားနည်းခဲ့ပါတယ်။ ၁၀ တန်းအောင်ခဲ့တော့လည်း Physics ဂုဏ်းထူးနဲ့ ရိုးရိုးပဲ အောင်ခဲ့တာပါ။ သိပ်လည်းအမှတ်မများပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က ဘာဖြစ်လဲဆိုတော့ ငယ်ရာကနေကြီးလာရင် ပိုပြီးအရည်အချင်း တက်လာရမယ်ပေါ့။ အခု ခေတ်မှာကျတော့ တစ်ချက် ရှိတာ။ ကျွန်တော်ဝေဖန်တာတော့ မဟုတ်ပါဘူး။ မြန်မာ တစ်နိုင်ငံလုံး Top Ten တွေဆိုရင် နယ်ပယ်အသီးသီးမှာ ဦးဆောင်တာတို့၊ ခေါင်းဆောင်တာတို့ ၊ ထင်ရှားတာတို့ ကိုသိပ် မတွေ့ရသေးပါဘူး။ Top Ten ဒုတိယတဲ့ ဆရာတော် အရှင်ဆန္ဒာဓိကတို့က လွဲလို့ပါ။ ဆရာတော်ကတော့ အားကျစရာ၊ အတုယူစရာ၊ လေးစားစရာ၊ ကြည်ညိုစရာပါ။ အချို့ Top Ten တွေက ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့ မသိရဘူး။ ကျွန်တော် ပြောချင်တာက Life မှာ တကယ် အောင်မြင်တာကျတော့ အမှတ်ကောင်းတာ၊ မကောင်းတာနဲ့တော့ တိုက်ရိုက်မဆိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ အဓိက ထားရမှာ ကတော့ လူဟာ သုံးနှစ်ကနေ လေးနှစ်၊ လေးနှစ်ကနေ ငါးနှစ် ကြည့်လိုက်တဲ့အခါမှာ လူဟာ အသက်ကြီး လာတာ နဲ့အမျှ ပိုပြီးတော်လာရမယ်။ အဲဒီလိုခံယူချက်ရှိတော့ ကျွန်တော် ကြိုးစားလာတာပါ။ မနှစ်ကထက် ဒီနှစ် ပိုတော်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါ။ ကျွန်တော် ၁၀ တန်းလောက်တုန်းက ပညာရေးမှာ ထူးထူးခြားခြား ထူးချွန်အောင်မြင်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်က ကျွန်တော် ABE ဖြေတဲ့အခါမှာ ကမ္ဘာ့ အမှတ်အများဆုံး World First Business Management မှာ Advanced Diploma နဲ့ UK ကနေ ရရှိခဲ့ ပါတယ်။ အဲဒါလည်း ခုနကလို ကျွန်တော် စာကျက်တာ မဟုတ်ပါဘူး။ ကျွန်တော် စာရေး စာဖတ်နေရင်းနဲ့ Professional စာရေးဆရာ တစ်ယောက်ဖြစ်တဲ့အတွက် အားသာချက်တစ်ခုပေါ့။ စာအများကြီး ဖတ်တဲ့အတွက် ကျွန်တော် တို့ကောင်းကောင်းရေးနိုင်တယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးပေါ့။
 
ခုနကပြောတယ်ပေါ့နော်။ စာတွေကို ငယ်ငယ်ကတည်းက စရေးတယ်လို့ ပြောခဲ့တော့ဘာကြောင့်များ စာတွေကို စရေးဖြစ်ခဲ့တာပါလဲ၊ စာရေးဖြစ်ခဲ့တဲ့ အကြောင်းအရာ လေးကို လည်းပြောပြပေးပါဦး။ 
 
အဓိက ကတော့ စာရေးဆရာအများစု အတိုင်းပါပဲ။ စာတွေ အများကြီး ဖတ်လာတဲ့ အခါကျတော့ ကိုယ်တိုင်လည်း စာတွေကို ဖန်တီးချင်လာပါတယ်။ စာတွေ ဖတ်လာအောင်လည်း ကျွန်တော့် အဘိုးပေါ့။ ကျွန်တော့်အဘိုးက ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေဆိုရင် ကျွန်တော်က အဘိုးနဲ့သွားအိပ်တယ်။ တနင်္ဂနွေနေ့ ရောက်ရင် ကျွန်တော့်ကို အဲဒီခေတ်၊ အဲဒီအချိန်တုန်းက ပိုက်ဆံ ၅၀၀၀ ဒါမှမဟုတ် ၁၀၀၀၀ ထုတ်ပေးတယ်။ ပြီးရင် သူရဲ့ ဒရိုင်ဘာနဲ့ ကျွန်တော့်ကို စာအုပ်ဆိုင်သွားပြီး စာအုပ်တွေ ၀ယ်ဖတ်ခိုင်းတယ်။ အဲဒီတုန်းက ကာတွန်းလေးတွေပေါ့။ ကျွန်တော် ၀ယ်နေကျ ၃၁လမ်း၊ ၃၂လမ်းမှာ စာအုပ်ကလေးတွေ သွားကြည့်တာပေါ့။ ကျွန်တော်က အဖော်လည်း မရှိဘူး။ ကာတွန်းလေးတွေ ၀ယ်ပြီးတော့ သေချာ အဖုံးလေးတွေ ချုပ်တယ်။ အဘိုးကလည်း စာပဲဖတ်တာဆိုတော့ ကျွန်တော် သူ့ဆီသွားပြီး တစ်ညလုံး စာပဲဖတ်ဖြစ်တာများပါတယ်။ စာဖတ်သက်များလာတာနဲ့အမျှ စာပေကို ပြုစုချင်စိတ် ရေးသားချင်စိတ်အလိုလို ပေါ်လာပါတယ်။ အဲဒါနဲ့ပဲ စာတွေ စရေးဖြစ်ခဲ့တာပါ။
 
ထုတ်ဝေခဲ့ပြီးတဲ့ စာအုပ်တွေ အကြောင်းကိုလည်း ပရိသတ်တွေသိအောင် ပြောပြပေးပါဦး။ 
 
ဟုတ်ကဲ့။ ကျွန်တော်ရဲ့ လုံးချင်းအနေနဲ့က ‘ခင်ဗျားကိုယ်တိုင်ပါလို့ရတဲ့ ၀တ္ထု’ အဲဒီ ၀တ္ထုလေးက မြန်မာပြည်မှာ ပထမဦးဆုံး စာဖတ်သူကိုယ်တိုင် ပါလို့ရတဲ့ ၀တ္ထုပါ။ ပြီးတော့ ‘ဘ၀ မာယာ ၀င်္ကပါ’ ဆိုတဲ့စာအုပ်ပါ။ ကလေးတွေ အချစ်ဝတ္ထုလေးကို တွဲဖက်ပြီး ရေးထားတာပါ။ ကလေးတွေ အချစ်ဝတ္ထုတစ်ခုဖတ်နေရင်းနဲ့ Marketing Knowledge တစ်ခု ရသွားစေချင်တာပါ။ နောက် ဆောင်းပါးတွေ အနေနဲ့ ကျွန်တော် အသက် ၁၆ နှစ်မှာ စထွက်ခဲ့တဲ့ ဆောင်းပါးလုံးချင်းက ‘နိုင်ငံကြီးသား ပီသဖို့’။ အဲဒီ ဆောင်းပါးက တကယ်တော့ ဘယ်ဂျာနယ်မှာမှ မပါသေးဘူးပေါ့။ ပြီးရင် ‘အေသင်ရဲ့ သတို့သမီး’။ နောက်ပိုင်းထွက်ထားတာက ‘ဒို့ ဗမာတွေ အာရှကျားဖြစ်စေဖို့’ အဲဒါဆိုရင်အခု ဒုတိယအကြိမ်ပေါ့။ အခုနောက်ဆုံးထွက်ထားတဲ့ စာအုပ်ဆိုရင် ‘မြန်မာတွေ အောင်မြင်ဖို့’ စာအုပ်ပါ။ အဲဒီ စာအုပ်မှာဆိုရင် မဂ္ဂဇင်းမှာ ပါပြီးသား ကျွန်တော့် ဆောင်းပါးတွေပဲ စုပေါင်းပြီး ပြန်ထုတ်ထားတာပါ။
 
ဟုတ်ကဲ့ အခု ထုတ်ဝေခဲ့ပြီးတဲ့ စာအုပ်တွေကိုသိရပြီဆိုတော့ စာအုပ်တစ်အုပ်ချင်းစီ အကြောင်းကိုလည်း ပြောပြပေးပါဦး။ 
 
ဟုတ်ကဲ့။ အရင်ဆုံးထုတ်တဲ့ ‘နိုင်ငံကြီးသားပီသဖို့’ ကတော့ ဒါက ကျွန်တော့်ရဲ့ ၁၆ နှစ်အရွယ် လူငယ် တစ်ယောက်က သူ့နိုင်ငံအပေါ် ဂုဏ်ယူလေးစားမှု ပေါ့နော်။ ဒါကတော့ ကလေးဆန်တာလည်း အများကြီး ပါတာပေါ့။ ဒါ ကျွန်တော့် အသက် ၁၆ နှစ်မှာ မှတ်တိုင်တစ်ခုအနေနဲ့  ထုတ်ခဲ့တာပါ။ ဒါလည်း အထိုက် အလျောက်တော့ အားပေးကြပါတယ်။ နောက်တစ်ခုကတော့ ‘ဟစ်ဟော့သာဂီ ဘီးလူးယိမ်း’ ၀တ္ထုကတော့ ကျွန်တော် ရဲ့ ခေတ်ပေါ် ဟာသ၀တ္ထုပါ။ အဲဒီ စာအုပ်ထဲမှာတော့ လူငယ်တွေရဲ့ ခေတ်အပေါ် ပွင့်လင်းတဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတာဖြစ်ပါတယ်။ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလေး ခံစားလို့ ရအောင် ရေးဖွဲ့ထားတာပါ။ လူငယ်တိုင်းခံစားလို့ရအောင် ရေးထားတာဖြစ်ပါတယ်။ ခေတ်ကို သရော် ထားတာပါ။ နောက်ပိုင်းထွက်တဲ့ ၀တ္ထုက ‘ခင်ဗျား ကိုယ်တိုင်ပါလို့ရတဲ့ ၀တ္ထု’ ပါ။ အဲဒီ ၀တ္ထုက စာဖတ်တဲ့ သူတိုင်း ဇာတ်ဆောင်ကိုယ်တိုင်ပါလို့ရတဲ့ ၀တ္ထုပါ။ ဖတ်တဲ့လူမတူရင် ဇာတ်လမ်းလည်း မတူနိုင်ပါဘူး။ သူ့ဆုံးဖြတ်ချက်နဲ့ သူဇာတ်လမ်းက ကွာသွားပါမယ်။ ဖတ်ကြည့်တဲ့ သူတွေပဲ ခံစားလို့ရနိုင်အေင် ရေးထားတဲ့ စာအုပ်တစ်အုပ်ပါ။ နောက်ပြီးတော့ ‘အေသင်ရဲ့ သတို့သမီး’ ကျတော့ ကျွန်တော် အဓိက ရေးထားးတာက ‘Edutainment’ ၀တ္ထုပေါ့။ တော်တော်များများ ကပြောကြတယ်။ အပျော်ဖတ် ၀တ္ထုမှာ လူငယ်တွေအတွက် Knowledge ကို ပေါင်းထည့်ထားတာပါ။ ‘အေသင်ရဲ့ သတို့သမီး’ မှာ ကျွန်တော်က ဂရိနဲ့ မြန်မာ့နန်းတွင်းနဲ့ကို ပေါင်းပြီး အချစ်ဝတ္ထုတစ်ခု အဖြစ် ဖန်တီးထားတာပါ။ အဲဒီထဲမှာပဲ ကျွန်တော်က ‘ဆိုကရေးတီး’ တို့ရဲ့ မြင့်တဲ့ ဒဿနတွေ ကိုလည်းထည့်ထားတာပါ။ နောက်ထွက်တဲ့စာအုပ်ကတော့ ‘ဘသမာယာ ၀င်္ကပါ’။ အဲဒီစာအုပ်က ဘာလဲဆိုတော့  Edutainment ၀တ္ထု series ပါ။ Marketingနဲ့ အချစ်နဲ့ ရောထားတယ်။ ကျွန်တော့် ဇာတ်ကောင်က Marketing မန်နေဂျာ ဆိုတော့ သူ့ပါးစပ်ကနေ Marketing Knowledge လေးတွေ ပစ်ပစ်ထည့်တာပါ။ နောက်ဆုံးထွက်တာကတော့ ‘အိုင်တီကဝေ’ ပေါ့။ အိုင်တီကဝေ ကတော့ လုံးဝ အပျော်ဖတ် ၀တ္ထု ။ ဒါပေမဲ့ ဒီစာအုပ်မှာ ကျွန်တော် ဆန်းသစ်တဲ့ ဇာတ်လမ်းလေးတွေ ရေးထားတာပါ။ စုန်းတွေ၊ ကဝေ တွေကို Website နဲ့ ရောလိုက်တာပါ။ ဥပမာ - ဗေဒင်ဆရာက အဆောင်ပေးတယ်။ Mouse ကို ရွှေချပြီး ဆောင်ခိုင်းတာတို့ပေါ့နော်။ ဒီဘက်ခေတ်မှာတော့ ကလေးတွေသုံးနေတဲ့ ဝေါဟာရတွေပေါင်းပြီး ရေးထားတာ ဖြစ်ပါတယ်။ နောက်ဆောင်းပါးအနေနဲ့ ထွက်တဲ့ စာအုပ်မှာ ‘တို့မြန်မာတွေ အာရှကျားဖြစ်စေဖို့’ စာအုပ်ပါ။ ဒီစာအုပ်ရဲ့ အဓိက ထူးခြားချက်က United Nations၊ ကမ္ဘာ့ ကုလသမဂ္ဂကနေ ကျွန်တော့် စာအုပ်ကို ၀ယ်ပါတယ်။ အုပ် ၁၀၀၊ နှစ်ကြိမ်ပေါ့။ သူတို့ရဲ့ မိုဘိုင်းစာကြည့်တိုက်အတွက်ပါ။ သူတို့ အဲဒီ စာအုပ်တွေကို Box series လုပ်ပြီးတော့ နယ်တွေ ကိုပို့ပါတယ်။ နာဂစ်ဖြစ်တဲ့ ဒေသတွေကို ပို့ပါတယ်။ စာအုပ်ကလေး ထွက်တုန်းက ၁၀၀၀ ပဲရောင်းရတာပေါ့နော်။ နောက် ကျွန်တော်ရဲ့ အအောင်မြင်ဆုံးဖြစ်တဲ့ ‘မြန်မာတွေ အောင်မြင်ဖို့’ ကတော့ MRTV-4 မှာလည်း ပါပြီးသွားပါပြီ။ အဲဒီစာအုပ်ကတော့ တော်တော်လေး ရောင်းရပါတယ်။ စာအုပ်ဆက်လုပ်ဖို့လည်းတော်တော်လေး အားပေးတဲ့ စာအုပ်ပါ။ အမှန်က စိတ်ဓာတ်လည်း ကျနေပြီ။ ဒီ စာအုပ်လေး ရောင်းလိုက်ရတော့ စိတ်ဓာတ်ပြန်တက်လာတာပေါ့။
 
ဟုတ်ကဲ့။ အခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ ‘မြန်မာတွေ အောင်မြင်ဖို့’ စာအုပ်မှာ အပိုင်း ၄ ပိုင်းနဲ့ ခွဲခြားပြီး ရေးထားတာတွေ့ရပါတယ်။ အဲဒီအကြောင်းလေးလည်းရှင်းပြပေးပါဦး။ 
 
ဟုတ်ကဲ့။ အဓိကကတော့ ကိုယ် သန်ရာသန်ရာပေါ့။ ကျွန်တော်တို့ HR professional တွေက စဉ်းစားတယ်ပေါ့နော်။ လူတစ်ယောက်အောင်မြင်ဖို့က ကျွန်တော်တို့ ကာယ၊ စိတ္တ၊ သုခ၊ ကျန်မာရေး၊ စိတ်ခံစားမှုတွေပေါ့။ အဲဒါတွေကို ကျွန်တော်တို့ ထိန်းညှိပေးဖို့ လိုပါတယ်။ အခု လူတွေတော်တော်များများက physical ပိုင်းမှာလည်း တော်တော်အားနည်းလာတာကိုတွေ့ရပါတယ်။ တကယ်တမ်းပြန်ကြည့်ရင် ကျွန်တော်တို့ မြန်မာတွေကို လူပု၊ လူညှက်ကလေးတွေလို့ ထင်ကြတာပေါ့။ အဲဒီတော့ အားလုံးကို ပြန်ပြင်ရမှာပေါ့။ အ၀လွန်တာတွေလည်းပါတာပေါ့။ အဲဒီတော့ ကျန်းမာရေးနဲ့ အဓိက ပြဿနာတွေ ဖြစ်လာရတာပါ။ ပညာရေးအပိုင်းဆိုရင်လည်း ကျွန်တော်တို့ စာမေးပွဲကို ဘယ်လိုဖြေရမလဲ။ UK မှာ ပညာ သင်ယူနိုင်ဖို့ ဘယ်လိုကြိုးစားရင်ရမလဲ။ နောက်စိတ်ခံစားမှု အနေနဲ့ စိတ်ဓာတ်တွေမြင့်တက်အောင် ဘယ်လိုလုပ်ရမလဲပေါ့။ အဲဒီလို အပိုင်းလေးတွေနဲ့ ခွဲပြီး ကျွန်တော် ရေးထားတာပါ။ နိုင်ငံခြားက စာအုပ်တွေကို လေ့လာကြည့်တဲ့အခါကျတော့ သူတို့က အဲဒီလို Section လေးတွေ ခွဲခြားပြီး ရေးသားထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မဂ္ဂဇင်း ကလွဲလို့ ကျန်တဲ့စာအုပ်မှာ ကဏ္ဍစုံရေးတာမျိုး မရှိသေးဘူး ပေါ့နော်။ ကျန်းမာရေးဆိုရင် တစ်လိုင်းသွားတယ်။ အောင်မြင်မှု ဆိုရင် တစ်လိုင်းသွားတယ်။ ရသဆိုရင် တစ်လိုင်းတယ်ပေါ့။ ကျွန်တော့်စာအုပ်မှာက ရသတွေလည်းထည့်ထားတော့ တစ်အုပ်ဖတ်တာနဲ့ အရသာ လေးမျိုး ခံစားလို့ရအောင် ရေးထားတာ ဖြစ်ပါတယ်။ 
 
စာအုပ်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာလည်း စာကြောင်းတွေက ရှင်းရှင်းလေးတွေ ရေးထားတာ ကိုတွေ့ရပါတယ်။ နောက် လူငယ်တိုင်း  ဖတ်လို့ နားလည်နိုင်မဲ့ ပုံစံလေးတွေပဲ ရေးထားတာကို တွေ့ရတယ်ပေါ့။ လူငယ်တွေလည်း ကြိုက်ကျတာတွေ့ရပါတယ်။ ဒါကြောင့်လည်း Top Ten မှာ နံပတ် ၁ နေရာကို ရောက်ရှိခဲ့တာပေါ့နော်။ ပြီးတော့ Management စာအုပ်တွေကို ကြည့်လိုက်တဲ့အခါကျရင် စာအုပ် အထူကြီးတွေနဲ့ စာတွေ အများကြီး ရေးထားတော့ လူငယ်တွေ ဖတ်ဖို့တောင် တစ်ခါတလေ ကြောက်ကြတာ တွေ့ရတာတွေရှိပါတယ်။ အခု စာအုပ်ထဲမှာတော့ Management တစ်ခုထဲမကပဲ အားကစားလေ့ကျင့်ခန်းတွေရယ် အခြား ဖတ်စရာ လေးတွေလည်း ပါတယ်ဆိုတော့ လူငယ်တစ်ယောက်က သူဘာတွေ လိုအပ်နေသေးတယ်ဆိုတာကို မြင်သွားစေတာပေါ့နော်။ 
 
ဟုတ်ကဲ့။ အဓိက ကျွန်တော်တို့ ရည်ရွယ်ချက်က လူတွေကို စာဖတ်ချင်စိတ်ရှိအောင် ဆွဲဆောင်တာပေါ့နော်။ ဆွဲဆောင်တဲ့အခါမှာ Management နဲ့ ပတ်သက်ပြီး ဖတ်မယ်ဆိုရင် သူတို့တွေ့တဲ့ စာအုပ်တွေက အကြီးကြီးတွေဆိုတော့ မဖတ်ခင်ကတည်းက ကြောက်သွားတာပေါ့။ ကျွန်တော်ရဲ့ အဓိကက အဲဒီရည်ရွယ်ချက်ပေါ့။ နောက် ကျွန်တော်အဓိက ဝေဖန်ခံရတာက စာအုပ်ထဲမှာ ပုံထည့်တာတွေကို ဝေဖန်ခံရတာပေါ့။ အဲဒီမှာလည်းပုံထည့်တာကို အောင်မြင်ချင်တယ် ဆိုတာကို အတိုင်းအတာ တစ်ခုအထိ လက်ခံပါတယ်။ ကောင်းတဲ့ဘက်မှာ နာမည်ကြီးချင်တာပေါ့နော်။ ကျွန်တော့် ရည်ရွယ်ချက်က အဓိက,က စာရေးဆရာတွေရဲ့ Role ကိုတက်လာစေချင်တာပေါ့။ ပရိသတ်က ဘာဖြစ်လဲဆိုတော့ ‘ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်’ ဆိုတဲ့စကားလည်း ရှိတယ်လေ။ အဲဒီတော့ Bodyfit  ဆောင်းပါးမှာဆိုရင် ကျွန်တော်ကိုယ်တိုင် အလေးမပြီး ကျွန်တော့် Structure ကိုပါ ပြထားပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ စာဖတ်တဲ့သူက ရေးတဲ့ သူကိုယ်တိုင်တောင် ပြုလုပ်တဲ့ အမူအကျင့်တွေဆိုပြီးတော့ စာရေးဆရာရဲ့ လေးနက်တဲ့ သဘောထားကို ပိုပြီး သိမြင်လာမယ်လို့ ယုံကြည်ထားပါတယ်။ UK မှာလည်း စာအုပ် ၁၀ အုပ်ထွက်ရင် ၇ အုပ်က စာရေးဆရာပုံ ပါပါတယ်။ ဒါဘာလဲဆိုတော့ ကျွန်တော်တို့ စာပေနယ်ပယ်ကလည်း အခြားအနုပညာနယ်ပယ်ကလိုပဲ လူထုကို Role Model အဖြစ် နေနိုင်တယ် ဆိုတာကို ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ ခံစားချက်ရှိတဲ့အတွက် အခုလို ပုံတွေ ထည့်သုံးဖြစ်ခဲ့တာပါ။
 
ဟုတ်ကဲ့။ အဲဒီစာအုပ်ထဲမှာ ကျွန်တော်သတိထား မိတာက စာအုပ်လေးက Management စာအုပ်လေးဖြစ်ပေမယ့် စာရေးဆရာတွေရဲ့ အကြောင်းကိုပါ ကဏ္ဍလေးတစ်ခုအဖြစ် ရေးထားတာကို တွေ့ရပါတယ်။ အခုခေတ်မှာက လူတွေက Media လောကမှာဆိုရင် နာမည်ကြီးတဲ့ စာရေးဆရာတွေလောက်ပဲ အသိအမှတ်ပြုတာပေါ့။ အသိအမှတ်ပြုတာမှာလည်း သူတို့ရဲ့ Role က စာပေဆိုရင်လည်း အနုပညာထဲမှာ ပါတာပေါ့နော်။ အခြားအနုပညာနတွေနဲ့ ယှဉ်ရင် ရင်ပေါင်တန်းနိုင်တဲ့ မြင့်မားတဲ့ အရှိန်ရှိတယ်ပေါ့။ စာရေးဆရာတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ၀မ်းသာမိပါတယ်။ ဒီအကြောင်းအရာတွေကို ဖတ်မိကြမယ် ဆိုရင်လည်း နောက်စာရေးဆရာတွေကိုလည်း တန်ဖိုးထားမှု များလာမယ်လို့ ယုံကြည်ပါတယ်။ ဥပမာ - ပြောရရင် စာရေးဆရာတစ်ယောက် ရေးလိုက်တဲ့ ၀တ္ထုတစ်ပုဒ်ကိုမှ ဇာတ်လမ်း၊ ဇာတ်ညွှန်းပြုလုပ်ပြီး ဒါရိုက်တာတွေ၊ မင်းသား၊ မင်းသမီးတွေ၊ ဇာတ်ပို့ ဇာတ်ရံတွေက ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်းတွေ ရိုက်ကြတာပေါ့နော်။ အဲဒီတော့ စာရေးဆရာတစ်ဦးရဲ့ စာမူခ၊ အဆိုတော်တစ်ဦးရဲ့ အနုပညာကြေး၊ သရုပ်ဆောင်တစ်ဦးရဲ့ အနုပညာကြေး တို့ဟာလည်း ကွာခြားချက်မများဘဲ ထိုက်သင့်တဲ့ ချီးမြှင့်မှုတွေ ရသင့်တယ်လို့လည်း ထင်ပါတယ်။ နိုင်ငံခြားမှာ ဆိုရင် စာရေးဆရာတွေက အရမ်း ပေါ်ပြူလာ ဖြစ်တာကို တွေ့ရပါတယ်။ ဥပမာ - J.K Rowling တို့ဆိုရင် အရမ်းချမ်းသာတဲ့ စာရေးဆရာတစ်ဦးပါ။ အဲဒီလိုမျိုးတွေနဲ့ စာရေးဆရာတွေရဲ့ Role ဟာ မင်းသား၊ မင်းသမီးတွေနဲ့ တန်းတူ မြင့်မားနေတာကို တွေ့ရပါတယ်။ အဲဒီအကြောင်းလေးကိုလည်း ဆွေးနွေးပေးပါဦး။ 
 
ဟုတ်ကဲ့။ ကျွန်တော်တို့ နိုင်ငံမှာ စာရေးဆရာတွေအတွက် Celebrity Role ဆိုပြီးမရှိဘူးပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့နော်။ စာရေးဆရာ တွေလည်း ပြင်ရမှာပေါ့။ လူကြီးတွေဆိုရင် အချိန်မရွေး အရက်သောက်နေတာ တွေပေါ့။ အဲဒီတော့ အရက်သောက်တတ်မှ စာရေးဆရာဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေလည်း မသောက်တတ်ပါဘူး။ စာရေးဆရာ တော်တော်များများလည်း အရက်သောက်တတ်မယ်လို့ မထင်ပါဘူး။ အဲဒီတော့ ဘာလဲဆိုတော့ အရက်သောက်မှ အနုပညာကို ခံစားလို့ ရမှာလား။ အရက် သောက်တယ်ဆိုတာ အနုပညာမှ မဟုတ်ဘူး၊ အခြားကျန်မာရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စတာတွေကိုလည်း အများကြီး ထိခိုက်စေပါတယ်။ အဲဒီတော့ စာဖတ် ပရိသတ်တွေက ဘယ်လို ထင်ကြမလဲဆိုတော့ စာရေးဆရာတွေဆိုတာ အရက်သမားတွေပဲ ဆိုပြီး ရှိပြီးသား Role တောင်ကျသွားနိုင်တာ တွေကိုတွေ့ရပါတယ်။ နောက်ပြီး စာရေးတဲ့ အခါမှာလည်း Professional ဆန်တဲ့ စာတွေကို ရေးဖို့လိုပါတယ်။ ရေးတဲ့စာတွေ မကောင်းဘဲနဲ့တော့ အောင်မြင်တဲ့ စာရေးဆရာတွေ ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ J.K. Rowling တို့ဆိုရင် နမူနာပါ။ နောက်ပြီး ကျွန်တော်တို့မှာ နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် အင်္ဂလိပ်လိုရေးတဲ့ စာရေးဆရာတွေ ထွက်ရှိလာဖို့ လိုပါတယ်။ တစ်ဦး တစ်ယောက်ချင်း မတတ်နိုင်ရင်လည်း ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီးတော့ လုပ်မယ်ပေါ့။ မြန်မာပြည်မှာလည်း ကမ္ဘာကျော်နိုင်တဲ့ စာရေးဆရာကြီးတွေရှိပါတယ်။ ဆရာကြီး ဒဂုန်တာရာတို့ဆိုရင် နိုဘယ်ဆုတောင် ရသင့်ပါတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ စာအုပ်တွေက အင်္ဂလိပ်လို ရေးထားတာ သိပ်မရှိပါဘူး။ အဲဒီတော့ ဘာဖြစ်သလဲ ဆိုတော့ စာပေနဲ့ ပတ်သက်တဲ့ နိုဘယ်ဆုတွေ အကုန်လုံးကို အိန္ဒိယက သိမ်းကျုံး ရရှိသွားတာပါ။ နောက်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဆိုရင်လည်း ရသင့်တာပေါ့နော်။ ဒါပေမဲ့ မရလိုက်ပါဘူး။
 
ဟုတ်ကဲ့ပါ၊ ဒါဆိုရင် လူငယ်တွေအတွက် အောင်မြင်နေတဲ့ လူငယ် စာရေးဆရာတစ်ဦးအနေနဲ့ ‘လူငယ်နဲ့ ဘ၀အောင်မြင်မှူ’ကို တွေ့ကြုံခံစားရသမျှ မျှဝေပေးပါဦး။ 
 
ဟုတ်ကဲ့။ ကျွန်တော် အမြဲတမ်း ခံယူထားတာကတော့ သင်ယူမှု (Learning) ပါပဲ။ Learning ကိုတော့ ဘယ်တော့မှ မရပ်သင့်ပါဘူး။ Learning က ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ မွေးတဲ့ လူငယ်တစ်ယောက် အနေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံက လူတွေနဲ့ ယှဉ်နိုင်အောင်ကြိုးစားရမယ်။ ဒါကြောင့် ကျွန်တော်တို့ ရှေ့မှာလည်း ဦးသန့်တို့၊ ဘန်ကီမွန်းတို့ အများကြီး ရှိပါတယ်။ အတုယူစရာ တွေပါ။ ဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေက အများကြီး တ်လာမယ်ဆိုရင် အနောက်နိုင်ငံတွေကို အများကြီးယဉ်နိုင်ပါတယ်။ တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ဆီမှာ စိတ်ဓာတ်ကျနေတာတွေ ရှိမယ်။ Impossible ဆိုတဲ့ စကားလုံး တွေ့ရင် I’m possible လို့ ပြင်ရပါမယ်။ Impossible ဆိုတဲ့ စကားလုံး မရှိဘူး။ နောက်တစ်ခုက ကျွန်နော်တို့ Performance ဆန်တဲ့ Learning ကိုရပ်လို့မရဘူး။ အများကြီး လျှော့မတွေးကြပါနဲ့။ မြင့်မြင့်တွေးလို့ ရပါတယ်။ ပြီးရင် မရိုးမသားလုပ်မှ ချမ်းသာမယ့် ကိစ္စမျိုးပေါ့။ အဲဒီလိုမျိုးခံယူစရာ မလိုပါဘူး။ နောက်ပြီး အဓိက ကျွန်တော်တို့ လုပ်ရမှာက Learning ပါ။ Learning ကတော့ စာရေးဆရာပဲဖြစ်ဖြစ်၊ကျောင်းသားပဲဖြစ်ဖြစ်၊ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ရုံးဝန်ထမ်းပဲဖြစ်ဖြစ် အမြဲတမ်းလုပ်နေရမယ့် ကိစ္စပါ။ နေ့တိုင်း Learn လုပ်နေဖို့ လိုပါတယ်။ အဲဒီတော့ ဘယ်တော့မှ ရပ်နေစရာ မလိုပါဘူး။ ကျွန်တော်တို့က ၁၀ လောက် သင်ထားတယ်။ ဘွဲ့ရသွားပြီ။ အလုပ်လုပ်ရပြီ။ ကျွန်တော် နှစ်နှစ်လောက် Learn မလုပ်ရင် ၈လောက် ပြန်ကျသွားမယ်။ ၃ နှစ်လောက် မသင်ရင် ၅ လောက်ပြန်ကျသွားမယ်။ အဲဒီတော့ ကျွန်တော်တို့ မပြတ်ကို သင်နေမှ ကျွန်တော်တို့ ပြန်တက်လာမှာပါ။ ရပ်လိုက်တာနဲ့အောက်ကျသွားမယ်။ သူများနောက်ကို ရောက်သွားမယ်ပေါ့။ ဒါပေမဲ့ Learning မှာတော့ နှစ်မျိုးရှိတာပေါ့။ Formal Learning နဲ့ Informal Learning ဆိုပြီးတော့ပေါ့။ ဘွဲ့တစ်ခု ထပ်ယူမှ သင်တန်းတစ်ခု တက်နေမှ Learning မဟုတ်ပါဘူး။ ကျွန်တော် စာအုပ်တစ်အုပ် ဖတ်နေလည်း Learning ပါပဲ့။ ဗဟုသုတရတဲ့ ရုပ်သံဇာတ်လမ်းတစ်ခု ကြည့်နေလည်း Learning ပဲ။ သူကြည့်ပြီး သင်ယူတာလည်း Learning ပဲ။ ဘာပဲလုပ်လုပ် ကျွန်တော်တို့ နေ့တိုင်း Learning လုပ်ဖို့တော့ လိုပါတယ်။ 
 
ဟုတ်ကဲ့၊ ဘ၀အောင်မြင်မှုနဲ့ ပတ်သက်ပြီး ကိုလင်းသိုက်ညွန့် အားကျအတုယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိရင်လည်း ပြောပြပေးပါဦး။ 
 
နိုင်ငံတကာက အားကျတဲ့ ပုဂ္ဂိုလ်ဆိုရင် အိုင်တီနယ်က စတိဗ်ဂျောပေါ့။ ဒေါ်လာ ၅၀၀၀ လောက်နဲ့ ကုမ္ပဏီ တစ်ခုထောင်ပြီး နောက်ပိုင်းမှာ ဘီလျံနာ သူဌေးကြီးတစ်ဦး ဖြစ်လာတာပေါ့။ သူရဲ့ဘ၀ကို ကြည့်မယ်ဆိုရင် သူက ဟားဗတ်ကျောင်းကကျောင်းသားတစ်ဦးပါ။ အဲဒီမှာ ကျောင်းက ထွက်ပြီးတော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ တီထွင်မှုလိုင်းထဲကို ၀င်လိုက်တာပေါ့။ သူမိဘတွေက အကျောက်အကန် ငြင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိသားစုက ဆင်းရဲတာဆိုတော့ တော်တော်လေး ရုန်းကန်ပြီးတော့မှ သားလုပ်တဲ့သူကို ဟားဗတ်မှာထားခဲ့ရတာပါ။ အဲဒီလို ဘ၀ကို ဖျက်ဆီးခဲ့တယ်ဆိုပြီး မိဘလုပ်သူတွေက စတိဗ့်ဂျော့ကို ပြောပါတယ်။ စတိဗ်ဂျော့က ရဲရဲတင်းတင်းပဲ သူဆုံးဖြတ်ချက်မှန်မှန်နဲ့ ထွက်တယ်။ သူဒေါ်လာ ၅၀၀၀ လောက်နဲ့ ဘာဖြစ်လို့ ကွန်ပျူတာ လိုင်းထဲကို ၀င်တာလဲဆိုတော့ တကယ်လို့ သူမှ မလုပ်တော့ရင် ဒီကွန်ရက်ကြီးက ကြီးထွားလာပြီးသူများ ဦးသွားတော့မယ်ပေါ့။ အဲဒါနဲ့ သူ ရဲရဲဝံ့ဝံ့ Change ကို ရင်ဆိုင်ပြီး သူလုပ်ခဲ့ပါတယ်။ အဲဒါကို ကျွန်တော် အရမ်း အားကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘ၀မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ တစ်ခုခုကို တာဝန်ယူမယ့် ဆုံးဖြတ်ချက်ကိုသူ ချတယ်။ အဲဒီဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ သူဟားဗတ် တက္ကသိုလ်ကနေ ဘွဲ့ မရသွားဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်နှစ်က သူ့ကို ဟားဗတ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ ပါတယ်။ အဲဒီလိုဆိုတော့ သူရဲ့ Change က တော်တော်မှန်တဲ့ သဘောပေါ့။ သူ MBA ကျောင်းသားလေးဘ၀နဲ့ ဆက်နေရင် သူ ဒေါက်တာ ရချင် မှတောင် ရမယ်ပေါ့။ စာရေးဆရာထဲမှာဆိုရင် ဒီဘက်ခေတ်ထဲမှာ J.K Rowling ပေါ့။ မုဆိုးမဘ၀ကနေ အဲလိဇဘက် ဘုရင်မကြီးထက် ဒေါ်လာသန်း ၅၀ ပိုချမ်းသာတဲ့ စာရေးဆရာမ ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျွန်တော် အားကျတဲ့ ပုဂ္ဂိုလ်က စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ကိုကြိုက်ပါတယ်။ သူက ပညာရေးမှာလည်း ထူးချွန်ပြီး ပါမောက္ခကြီး တစ်ဦးပါ။ စာပေနယ်မှာလည်း အလွန်အရေး ကောင်းတဲ့ စာရေးဆရာကြီး တစ်ဦး ဖြစ်ပါတယ်။ အဲဒီတော့ ဘက်စုံတော်တဲ့ စာရေးဆရာကြီးလို့ ပြောလို့ရပါတယ်။
ဟုတ်ကဲ့၊ လူငယ်တွေနဲ့ ဘ၀ အောင်မြင်မှုအကြောင်း သိရပြီဆိုတော့ သတ်မှတ်ပုံချင်း မတူကြဘူး။ ခုနက ပြောသလို လူတစ်ယောက်ရဲ့ အရည်အသွေးကို သတ်မှတ်တာက သူဘယ်လောက် Learn လုပ်သလဲ။ သူ တစ်နေ့ကို စာ ဘယ်လောက်ဖတ်သလဲ။ သူ တစ်လကို မဂ္ဂဇင်း ဂျာနယ် ဘယ်လောက်ဖတ်သလဲ။ အဲဒါက လူတွေရဲ့ အရည်အသွေးပေါ့။ ဒါက နိုင်ငံခြားမှာ သတ်မှတ်ကြတဲ့ လူ တစ်ယောက်ရဲ့ အရည်အချင်း အရည်အသွေးပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ သတ်မှတ်တဲ့ အရည်အသွေးကျတော့ အဲဒီလို မဟုတ်ဘူး။ ဘယ်လိုလဲဆိုတော့ သူစီးတဲ့ကားက ဘာကားလဲ။ သူက ဘာကုမ္ပဏီက ဘယ်သူလဲ။ သူက ဘာရာထူးရှိသလဲ ဆိုပြီးတော့ သတ်မှတ်ကြတာပေါ့။ သူတို့ဆီမှာ အဲဒါကို အရည်အသွေးလို့ မသတ်မှတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ တစ်ခု ပြန်ကြည့်ရမှာက ကျွန်တော်တို့ မှန်ကန်တဲ့ ကွာလတီပေါ့။ ကျွန်တော်တို့ရဲ့ ဗုဒ္ဓက အရည်အသွေးနဲ့ ပတ်သက်ပြီး အချက်သုံးချက်ကို ပြခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ သီလ၊ သမာဓိ၊ ပညာ အဲဒီ ၃ရပ်ကို ကျွန်တော်တို့ ကျင့်ကြံကြဖို့ လိုတာကတော့ ပညာပေါ့။ သမာဓိ ဆိုတာကတော့ ကျွန်တော်တို့ သီလထိန်းတာပါ။ ဒီဘက်ခေတ်မှာတော့ ကျွန်တော်တို့ သီလထိန်းဖို့က တော်တော်လေး လိုတဲ့ အပိုင်းပါ။ ဒီ ၃ ချက်ကို ထိန်းနိုင်မယ်ဆိုရင် အရမ်းအကျိုးရှိပြီး ကိုယ်ပိုင်အရည်အသွေးတွေလည်း ရှိလာမှာပါ။ သမာဓိနဲ့ ပညာက အရမ်းအားကောင်းနေရင် ပိုပြီး ပြီးပြည့်စုံလာမှာပါ။
 
 
ဟုတ်ကဲ့၊ လူငယ်နဲ့ ကျန်းမာရေး အကြောင်းကိုလည်း ဆွေးနွေးပေးပါဦး။ 
 
လူငယ်နဲ့ ကျန်းမာရေး ကတော့ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ Body Fiteness က လူငယ် တော်တော်များများမှာ ခေတ်စားလာပါတယ်။ ဒါပေမဲ့ လိုက်စားတဲ့သူ နည်းပါးသေးတယ်။ ကျွန်တော်ဖြစ်စေချင်တာ Celebrity ဆိုရင် ကျွန်တော် ဝေဖန်တာတော့ မဟုတ်ပါဘူး။ စံပြ Celebrity ကိုယ်တိုင်ကိုက Body Structure တွေက တော်တော်ကျလာတယ်။ ဟိုးအရင် မြန်မာ Celelbrity တွေက Asia မှာ ဆိုရင် တန်းတူလောက်ကို ရှိတာပါ။ ဒီဘက်ခေတ်မှာကျတော့ Celebrity ရဲ့ Structure တွေကျလာတယ်။ ပြီးတော့ ဒီဘက်ခေတ်မှာဆိုရင် Role model တွေက အစ Structure မှာ အားနည်းနေတာကိုတွေ့ရပါတယ်။ အာရှမှာကြည့်လိုက်ရင် မြန်မာလူငယ်တွေက သေးပြီး ပိန်ကြတာ များပါတယ်။ ဒါပေမဲ့ အချိန်လည်း လိုတာပေါ့။ ကျွန်တော်တို့က တစ်နေ့မှာ တစ်နာရီလောက်တော့ ကျန်းမာရေးအတွက် အချိန်ပေးဖို့ လိုပါတယ်။ နောက်ပြီး ကျွန်တော်တို့က စားဝတ်နေရေးအတွက် ရင်းနှီးမြှုပ်နှံနေရတော့ ကျန်းမာရေးအတွက်အချိန် မပေးနိုင်တာတွေ ရှိတာပေါ့။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ ကျန်းမာရေး အတွက် အချိန်ပေးနိုင်ဖို့အတွက် စားဝတ်နေရေး အဆင်ပြေဖို့ လိုအပ်ပါတယ်။ စားဝတ်နေရေး ချောင်လည်နေရင်တော့ ကျန်းမာတဲ့လူတွေ အများကြီး ဖြစ်လာကြမှာပါ။ ဘ၀မှာအောင်မြင်ဖို့၊ ချမ်းသာဖို့အတွက်ပဲ လုပ်နေပြီးတော့ ကျန်းမာရေး ချို့တဲ့လာတဲ့ အခါကျရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။ နောက် လူငယ်တွေက ဆေးလိပ်၊ အရက်ကို Crazy ဖြစ်လာကြတာပေါ့။ တကယ်တော့ ဒါကလည်း လူငယ်အချင်းချင်း Pear to Pear Pressure ပေါ့။ ကိုယ်က ဆေးလိပ် မသောက်ဘူး။ အပေါင်းအသင်းတွေ သောက်ပေမယ့်လည်း ကိုယ်မကြိုက်ရင် မသောက်လို့ရတာပဲ။ ကျွန်တော်လည်း အရင်တုန်းက ဆေးလိပ် သောက်ဖူးပါတယ်။ မကြိုက်တော့ ဆက်မသောက်တော့ ပါဘူး။ မကောင်းမှန်းလည်း သိတာကိုး။ အဓိက ကတော့ ဆေးလိပ် အရက်ကတော့ Celebrity တွေကြောင့်လည်း ပါပါတယ်။ နောက် ကြော်ငြာရောင်စုံတွေကြောင့်ပေါ့။ ယူကေမှာဆိုရင် ဆေးလိပ်၊ အရက် ကုမ္ပဏီတွေက ကြော်ငြာ ကြော်ငြာလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကုန်ပစ္စည်းမှာ Brand ကပ်လို့ မရဘူး။ ဘူးအဖြူတွေနဲ့ပဲ ရောင်းရတယ်။ ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် အကုန်ဘူးအဖြူတွေနဲ့ပဲ ရောင်းရတယ်။ အဲဒီတော့ ဘာအားသာချက် ရသလဲဆိုတော့ အချို့ လူငယ်တွေက ကာလာတွေနဲ့ မကြော်ငြာရတော့ ကာလာနဲ့ စွဲဆောင်မှုက လျော့ကျသွားတာပေါ့။ ဆေးလိပ်နဲ့ အရက်ကတော့ ကျွန်တော်တို့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မရှိသင့်တဲ့ အရာတွေပါ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လူသားတစ်ဦး အနေနဲ့ ကျွန်တော်တို့ ပပျောက်သွားအောင် ဖျောက်ဖျက်သင့်ပါတယ်။
 
ဟုတ်ကဲ့၊ အခု လူငယ်တွေနဲ့စာဖတ်တဲ့ အပေါ်ကို လင်းသိုက်ညွန့်ရဲ့ ထင်မြင်ချက်တွေကို ဆွေးနွေးပါဦး။ 
 
ဟုတ်ကဲ့၊ စာဖတ်ခြင်းကတော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့က စာပေကို cool မီဒီယာလို့ခေါ်တာပေါ့နော်။ ဗွီစီဒီတို့၊ တီဗွီတို့ ကိုကျွန်တော်တို့က hot မီဒီယာလို့ ခေါ်တာပေါ့။ Cool မီဒီယာထက်စာရင် hot မီဒီယာက ကျွန်တော်တို့ နိုင်ငံတွေမှာ ပိုများပါတယ်။ Develop နိုင်ငံတွေမှာကျတော့ မျှတယ်ပေါ့။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေကျတော့ ၈၀ ရာခိုင် နှုန်းလောက်ဖြစ်နေပါတယ်။