လူငယ်တွေ အရှုံးကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ကြစေလိုတဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) နဲ့ တွေ့ဆုံခြင်း (အပိုင်း ၂)

စာမဖတ်တော့ ဘာဖြစ်မလဲဆိုတော့ လူတွေရဲ့ စိတ်ယဉ်ကျေးမှုတွေ ပျက်စီးလာမှာပါ။ နဂိုကတည်းကမှ အရိုင်းစိတ် ဗီဇပါဝင်နေတဲ့ လူတွေဟာ စာပေနဲ့ထိတွေ့မှု နည်းတဲ့အခါမှာ နူးညံသိမ်မွေ့မှုတွေ နည်းသွားမယ်။ အကြောင်းအရာ တစ်ခုကို စဉ်းစားဆုံးဖြတ်တဲ့အခါမှာ အမြဲတမ်း အဆိုးဘက်ကတွေးပြီး အဆိုးတွေပဲ လုပ်ဖြစ်ဖို့ များပါတယ်။ အခုနောက်ပိုင်းဖြစ်သွားတဲ့ နော်ဝေ နိုင်ငံမှာ သေနတ်နဲ့ လူတွေကို ပစ်သတ်သွားတဲ့ အကြမ်းဖက်လုပ်ရပ်ဆိုရင် သာဓကပါပဲ။ အဲဒီတော့ အဲဒီ သေနတ်သမားဟာ ဘာကြောင့် သူ ဒီလိုလုပ်တာလည်း သူလုပ်မယ့် အစီအစဉ်ကို Twitter website မှာ တင်ထားခဲ့တယ်။ အဲဒါ ဘာလည်းဆိုတော့ ဂိမ်းတစ်ခုကနေ သူ ရူးကြောင်ကြောင်နဲ့  ယူထားခဲ့တာပါ။ Hot မီဒီယာရဲ့ လွှမ်းမိုးမှုက လူတွေကို ပိုလန်းဆန်းစေတယ်။ အားကြီးတဲ့သူက အားနည်းတဲ့သူကို အကျိုးမဲ့ သက်ရောက် စေတယ်။ ကျွန်တော်တို့ စာပေက လူအချင်းချင်း အနိုင့်အထက်ဘယ်တော့မှ အားမပေးဘူး။ မေတ္တာဓာတ်ကို အခြေခံတယ်။ စာဖတ်တဲ့သူက အမြဲတမ်း လန်းဆန်း သွားတယ်။ စာပေနဲ့ စာဖတ်သူများတဲ့ ပတ်ဝန်းကျင်ဟာ ကမ္ဘာကြီးငြိမ်းချမ်းဖို့ အတွက်တော့ အာမခံနိုင်တယ်။ ကျွန်တော်တို့က စာဖတ်တယ်ဆိုတာ စာအုပ်ကြီး ဖတ်မှတော့ မဟုတ်ဘူး။ ပုံမှန်လေးတော့ ကိုယ်နဲ့ လက်လှမ်းမီ သမျှ စာလေးတွေ ဖတ်မယ်။ Ipad ပေါ်လာတော့  Ipad နဲ့ ဖတ်မယ်။ အွန်လိုင်းကနေ ဖတ်မယ်။ ကြိုက်သလို ဖတ်လို့ရတယ်။ အဲဒီမှာလည်း မှန်ကန်တဲ့ စာတွေကိုဖတ်နိုင်ဖို့ အရေးကြီးတယ်။ အွန်လိုင်း တက်တာမှန်တယ်။ ဒါပေမဲ့ အချိန်ပေးပြီးတော့ စာဖတ်ဖို့ လိုတယ်။ နောက်ပြီးစာဖတ်တဲ့ အလေ့အထကို လူငယ်တွေ ယုံကြည်မှု နည်းတဲ့အပိုင်းကို ကျွန်တော်က အဓိက ထောက်ပြချင်တာက ‘စာဖတ်ရင် ဘ၀တိုးတက်မယ်’ ဆိုတဲ့ အဆိုပြုချက်ကို သူတို့ လက်မခံတော့ဘူး။ သူတို့က ပတ်ဝန်းကျင်ကို လက်ညိုးထိုးပြတယ်။ စာမဖတ်ဘဲနဲ့ သူတို့ ဘာလို့ အောင်မြင်တာလဲ ဆိုတော့ ကျွန်တော်တို့က ဘာပြောလို့ ပြောရမလဲ မသိဘူးပေါ့။ တကယ်တမ်း စစ်မှန်တဲ့ အောင်မြင်မှု အတွက်က လူတိုင်း စာဖတ်သင့်ပါတယ်။ မယုံရင် အခုလက်ရှိ အောင်မြင်နေတဲ့ စတိဗ်ဂျော့ပဲ ကြည့်ကြည့်၊ အိုဘားမားပဲ ကြည့်ကြည့်၊ သူတို့လက်ရှိ တစ်နေ့အချိန်ရဲ့ အနည်းဆုံး ၄ နာရီလောက် သူတို့ အချိန်ပေးပြီး စာဖတ်တယ်။ သူတို့ မဖတ်နိုင်ရင်လည်းသူတို့ရဲ့ Secretary တွေက မှ တစ်ဆင့် အနှစ်ချုပ်တွေယူပြီး Times နဲ့ အခြားမဂ္ဂဇင်း၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းတွေ၊ သူတို့ဖတ်ဖြစ်အောင် ဖတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒါတွေနဲ့ပဲ သူတို့ကို သက်သေပြလို့ ရတယ်။  အဲဒီတော့ စာဖတ်ရင် ဘ၀ တိုးတက်တယ်။ လက်ရှိကျွန်တော်တို့ နိုင်ငံမှာ စာဖတ်ပြီး တိုးတက်နေ သူတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော် World first ရခဲ့တာ စာကျက်လို့ မဟုတ်ပါဘူး။ စာဖတ်လို့ ရခဲ့တာပါ။ အဲဒီတော့ စာဖတ်တာဟာ အာမခံနိုင်တာ တစ်ခုက ဘ၀မှာ စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိနိုင်တယ်ဆိုတာပါပဲ။ စာဖတ်ပြီးတော့ အလကားဆိုတာလည်းမရှိပါဘူး။ အပျော်ဖတ် စာပေဆိုလည်း ဘာပဲဖြစ်ဖြစ် မဖတ်တာထက်စာရင် ဖတ်လို့ရပါတယ်။ အပျော်ဖတ်ကလည်း သင်ခန်းစာ (Lesson) ယူတတ်ရင် ကိုယ့်အတွက် ပညာအများကြီးရပါတယ်။

ဟုတ်ကဲ့ ဂျပန်တို့ တခြားနိုင်ငံတွေမှာ ဆိုရင်လည်း ရထားပေါ်တို့ ဘတ်စ်ကားပေါ်တို့မှာ ဆိုရင် လူငယ်တွေကအစ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေကို အမြဲဖတ်နေကြတာ တွေ့ရတာပေါ့။ နောက်ပြီး သူတို့ဆီမှာက စာဖတ်တာကို တော်တော် အားပေးကြ ပါတယ်။ ကာတွန်းတွေ ဆိုရင်လည်း ဇာတ်လမ်း အရမ်းကောင်းတော့ လူကြီးတွေကအစ သဘောကျပြီး ဖတ်ရှုကြတာ တွေ့ရပါတယ်။ ဒီမှာဆိုရင်တော့ စာဖတ်တာ တွေ့ရင်တောင်မှ အထူးအဆန်းလို မြင်ပြီး ရှုတ်ချတာတွေကိုလည်း မကြာခဏဆိုသလို မြင်တွေ့ဖူးပါတယ်။ အဲဒီအပေါ် ကိုလင်းသိုက်ညွန့်ရဲ့ အမြင်ကို ပြောပြပေးပါဦး။

ဟုတ်ကဲ့။ အဲဒါကလည်း ကျွန်တော် ဆွေးနွေးပွဲလုပ်တာကလည်း အဓိကက စာဖတ်တာကို အဓိကပရိုမိုးရှင်း လုပ်တာပါ။ လူတွေရဲ့ စာဖတ်တဲ့ အလေ့အထ။ အဲဒါမှ လူတွေကို အရင်ဆုံး စာဖတ်အောင်လုပ်ဖို့ဆိုရင် စာရေးဆရာတွေကို လူတွေအထင်ကြီးအောင် အရင် လုပ်ရမယ်။ သူတို့နိုင်ငံတွေမှာဆိုရင် စာရေးဆရာတွေကို အထင်ကြီးတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် စာရေးဆရာတွေကို အထင်မကြီးတဲ့အခါမှာကျတော့ သူရေးတာက အလကားပါ။ အောင်မြင်ရေးကို ရေးတဲ့စာရေးဆရာဆိုရင်  သူရေးတာ အောင်မြင်ရေးဆိုပြီးတော့ စာရေးဆရာတောင် အောင်မြင်တာ တစ်ခုမှ မရှိဘူးပေါ့။ အောင်မြင်ရေးဆိုပြီးတော့ စာရေးဆရာက အမြင်မတင့်တယ်၊ အဆင့်မြင့်မြင့် မရှိတာတွေလည်း တွေ့ရပါတယ်။ နိုင်ငံခြားမှာက စာရေးဆရာတွေက ခန့်ခန့်ညားညား (Smart) ပေါ့။ သူတို့ကိုယ်တိုင်လည်း အောင်မြင်တယ်။ ဒါကြောင့်ကျွန်တော်တို့က ကျွန်တော်တို့ ကိုယ်တိုင်လည်း အောင်မြင်အောင်ကြိုးစားတယ်။ နောက်ပြီးတော့ စံပြပုဂ္ဂိုလ်  (Role Model) အဖြစ် စာဖတ်သူတွေအတွက် Professional အဖြစ် ရပ်တည်ပေးနေတာပါ။ အဲဒီမှာ ‘ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်ဆိုတယ်’ ဆိုတဲ့စကားရှိပါတယ်။ ကျွန်တော်တို့ အရင်ဆုံးစာရေးဆရာတွေဘက်က အစစအရာရာ ပရိုမိုးရှင်းတွေ လုပ်ရမယ်။ Marketing တွေ လုပ်ရမယ်။ တချို့က ရှိသေးတယ်။ စာရေးဆရာ Marketing လုပ်တာကိုအားမပေးဘူး။ တကယ်က စာရေးဆရာ Marketing လုပ်တာက အရက် ကုမ္ပဏီ Marketing လုပ်တာထက် အများကြီးသာပါတယ်။ လူအဖွဲ့အစည်းကိုလည်း အများကြီး အကျိုးပြုတယ်။ ပြီးတော့ လူငယ်တွေအတွက်လည်း attraction ရှိရမှာပေါ့။ နောက်ရွေးချယ်မှုပေါ့။ အခုခေတ်မှာ စာရေးဆရာ လုပ်မလား၊ မင်းသားလုပ်မလား မော်ဒယ်လုပ်မလားဆိုပြီး ရွေးချယ်ကြမယ်ဆိုရင် စာရေးဆရာ Industry က ရရှိခံစားရတဲ့ အကျိုးခံစားခွင့်နဲ့ မင်းသားမော်ဒယ်ကရတဲ့ အကျိုးခံစားခွင့်က အများကြီးကွာနေတဲ့ အခါမှာကျတော့ စာရေးဆရာ လုပ်ချင်တဲ့သူမရှိတော့ပဲနဲ့ မင်းသား မော်ဒယ် Industry ကို ရောက်ကြတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ စာရေးဆရာ Industry ကို ချစ်လို့ နေနေကြတာပါ။ အများစု တော်တော်များများက အခြား Industry ကိုရောက်သွားကြတာ အဲဒီကိစ္စကြောင့်ပါ။ နောက်ကျွန်တော်တို့ စာပေ Professional တွေကိုပေးတဲ့ Income က အစ စီးပွားရေး လုပ်ငန်းအနေနဲ့ သင်တော်တဲ့ Role တစ်ခုပေးရမယ်။ ရပိုင်ခွင့်ပေးရမယ်။ စာရေးဆရာတစ်ယောက်ရဲ့ ရပိုင်ခွင့်က ခုနပြောသလို အယ်ဒီတာ တစ်ယောက်ရဲ့ ရပိုင်ခွင့်က ကုမ္ပဏီက မန်နေဂျာတစ်ယောက်ရဲ့ ရပိုင်ခွင့်လောက်မှ မရဘူးဆိုရင်တော့ ကုမ္ပဏီမှာပဲ မန်နေဂျာသွားလုပ်ကြမှာပေါ့။  တခြားနိုင်ငံတွေမှာဆိုရင် ကုမ္ပဏီမန်နေဂျာတွေရဲ့ လစာနဲ့ အယ်ဒီတာတစ်ယောက်ရဲ့ လစာက အများကြီး ကွာခြားတာ တွေ့ရပါတယ်။ အဲဒီလို Level တူတဲ့ အတွက် သူတို့က ဖွံ့ဖြိုးတဲ့၊ တိုးတက်တဲ့ အရည်အချင်းရှိတဲ့ စာပေတွေထွက်လာပါတယ်။ အဓိကတော့ အဲဒါလည်းပါမှာပါ။ ဒါက ငွေစကားပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ Role States က ဒီလိုရှိပါတယ်။

ဟုတ်ကဲ့။ အခုခေတ်လူငယ်များစုက အသိဥာဏ်၊ ဗဟုသုတတွေ နည်းလာကြတာကိုလည်း တွေ့ရပါတယ်။ တချို့တွေဆိုရင် အာဆီယံနိုင်ငံ ဘယ်နှနိုင်ငံတောင်ရှိမှန်း မသိကြဘူး။ အဆိုးဆုံးက မြန်မာပြည်မှာရှိတဲ့ ထင်ရှားတဲ့ နေရာတွေကိုတောင် မသိကြတာ ရှိသေးတယ်။ အဲဒီတော့ လူငယ်တစ်ဦးချင်းစီရဲ့ ဗဟုသုတ လေ့လာမှု အပေါ်မှာ ကိုလင်းသိုက်ညွန့် ရဲ့ထင်မြင်ယူဆချက်ကိုလည်း ပြောပြပါဦး။

ဟုတ်ပါတယ်။ အဲဒါက အများစုမှာလည်း ရှိဖို့လိုပါတယ်။ ကျွန်တော်တို့က ဖွံ့ဖြိုးဆဲတိုင်းပြည် Developing Country အနေနဲ့ Knowledge ကို လိုက်စားတဲ့ နှုန်းက နည်းတယ်။ ဒါကလည်း ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Life ရဲ့ Potion က စားဝတ်နေရေးအတွက်ကို ဦးစားပေး ရုန်းကန်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူတစ်ယောက်က သူရဲ့ ၈၀ ရာခိုင်နှုန်း အချိန်ကို သုံးပြီးတော့ စားဝတ်နေရေး ရုန်းကန်နေရပါတယ်။ ဖွံ့ဖြိုးဆဲ Developed Country က လူတွေကြတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲ ဖြေရှင်းရတယ်ပြောတော့ သူတို့အတွက် သင်ယူဖို့ လုပ်ဖို့ ၆၀ ရာခိုင်နှုန်းလောက်က အချိန်ပိုရှိတော့ သင်တန်းတွေတက်မယ်ဆိုရင်လည်း တက်လို့ရတယ်။ စာတွေဖတ်မယ်ဆိုရင်လည်း ဖတ်လို့ရမယ်။ နောက်ပြီး သူတို့ဆီမှာက အမြဲတမ်းပေါ့။  အသက်အရွယ်မရွေး စာပေကို လိုက်စားကြတယ်။ ပန်းခြံထဲမှာ၊ စားသောက်ဆိုင်ထဲမှာ၊ ကားမှတ်တိုင်မှာ၊ ရထားတွေပေါ်မှာ စာဖတ်ကြတဲ့ လူတန်းစား အသီးသီးကို မြင်တွေ့ကြရမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာက သင်ယူဖို့ Learn လုပ်ဖို့ အချိန်ကမရှိဘူးဖြစ်နေတယ်။ တစ်ရက်တစ်ရက် စားဖို့၊ သောက်ဖို့၊ ရုန်းကန်နေတာနဲ့ပဲ ကျွန်တော်တို့ရဲ့ ဘ၀ Life တွေက ကုန်ကုန်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ တခြားအရာကို စူးစမ်းဖို့၊ အသိပညာမြင့်မားဖို့ ကြိုးစားဖို့အချိန် မရှိဘူးပေါ့။ အဲဒီတော့ ကျွန်တော်တို့ အရင်ဆုံး ကြိုးစားရမှာက ပြည်သူလူထုကိုစာဖတ်ပါ၊ စာဖတ်ပါဆိုတာထက် ပထမဦးဆုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားဖို့ အဲဒါတွေကို အရင်လုပ်ရမှာပါ။ အစိုးရသစ်ကလည်း အစီအမံတွေ လုပ်နေပါတယ်။ ဆင်းရဲမှု လျှော့ချဖို့၊ အဲဒါကြောင့် ကျွန်တော်အခု ရသနဲ့ သုတရှိတဲ့ အထဲမှာ အောင်မြင်ရေးလိုင်းကို ပိုရေးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ မြန်မာတွေ အောင်မြင်ဖို့ စာအုပ် Top Ten ၀င်သွားလို့ပေါ်ပင်လိုက်တာ မဟုတ်ပါဘူး။ တစ်ခုသိရမှာက ကျွန်တော်တို့ နိုင်ငံမှာ တက်ကျမ်းတွေများရင် ဝေဖန်ကြတယ်။ ရသစာပေတွေ ကျတယ်ဆိုပြီးတော့ပါ။ ဒါပေမဲ့ မကျပါဘူး။ ကျွန်တော်တို့လို နိုင်ငံအတွက် တက်ကျမ်းတွေလည်း လိုပါတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ အဲဒါကြောင့်မို့လို့ ဒီလမ်းစဉ်ကို လိုက်တာပါ။ ပထမဆုံး ကျွန်တော်တို့ လူငယ်တွေကို အလုပ်လုပ်ချင်စိတ် ရှိလာအောင် စီးပွားရေး ပြေလည်လာအောင် ကြိုးစားရမယ်။ အဲဒီလိုမျိုး လူ့အဖွဲ့ အစည်းက ပြေလည်လာမှ သင်ကြားခြင်း Learning သူတို့ လုပ်နိုင်မယ်။ သင်ယူမှုကို သင်ယူပါလို့ ပြောနိုင်မယ်။ လူတစ်ယောက်ကလည်း သူ့ စားဝတ်နေရေး ပြေလည်မှ တစ်ဆင့်တက်ပြီးတော့ လူမှုရေးကိစ္စ Social RelationShip တို့၊ အချစ်တို့၊ အပေါင်းအသင်းတို့ ဖြစ်လာတာပေါ့နော်။ အဲဒီတော့ စားဝတ်နေရေးမှ မပြေလည်ရင် ကျွန်တော်တို့က ဥာဏ်ပညာအဆင့် (wisdom) ကို ရောက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ အဲဒီတော့ မြန်မာ ပြည်မှာရှိတဲ့ ပြည်သူလူထုတွေ၊ တောင်သူလယ်သမားတွေ၊ ကျောင်းသူကျောင်းသားတွေ၊ လက်လုပ်လက်စားတွေ အကုန်လုံး အချိန်ပေးပြီး စာဖတ်နိုင်ဖို့ဆိုရင် သူတို့ တစ်ဦးချင်းစီဲ့ ၀င်ငွေ၊ စီးပွားရေး၊ အကျပ်အတည်းနဲ့ စားဝတ်နေရေး ချောင်လည်စေဖို့ အရင်လုပ်ဆောင် ပေးဖို့လိုပါတယ်။ အဲဒီလိုသာ လုပ်ဆောင် ပေးဖို့လိုပါတယ်။ အဲဒီလိုသာ လုပ်ဆောင်ပေးမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံလည်းအခြားနိုင်ငံက ပြည်သူတွေလိုပဲ စာဖတ်နှုန်းမြင့်လာကြမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့။ အခု ၂၁ ရာစုခေတ်ကြီးမှာ IT နည်း ပညာတွေက စက္ကန့်၊ မိနစ်မခြား တိုးတက်နေတာကိုတွေ့ရပါတယ်။ အိုင်တီနည်းပညာတွေ တိုးတက်နေတာနဲ့အမျှ လူငယ်တွေလည်း အများကြီးပေါ်ပေါက်လာတယ်လို့ ခံစားရပါတယ်။ အိုင်တီနဲ့ လူငယ်တွေ ဘ၀ရပ်တည်မှုမှာ ဘယ်လောက်အထိအပြန်အလှန် အကျိုးပြု ဆက်သွယ်နေသလဲဆိုတာ ပြောပြပေးပါဦး။

အိုင်တီကတော့ အမှန်တကယ် လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း အိုင်တီသမားဖြစ်ပါတယ်။ ဒီဘက်ခေတ်တော့ လူငယ်တွေတော်တော်များများ သုံးလာပါတယ်။ ဥပမာ Facebook မှာ ကျွန်တော် Funpage ဖွင့်လိုက်ရင် စာအုပ်ရောင်းအားကလည်း တက်တယ်။ Facebook သုံးသူတွေဆိုရင် မြန်မာ တစ်နိုင်ငံလုံးမှာ ၄သန်းလောက်ရှိတယ်။ အဲဒီတော့ ကျွန်တော်က ကြော်ငြာချင်ရင် ဂျာနယ်တို့ မဂ္ဂဇင်းတို့မှာ ကြောငြာသလိုမျိုးပဲ Facebook မှာကြောငြာရင်လည်း သုံးစွဲသူ ၄သန်းရှိတဲ့အတွက် အဆင်လည်းပြေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့် IT က ကျွန်တော် ပြောချင်တာက လူငယ်တွေရဲ့ ဘ၀ ပြည့်စုံချောမွေ့စေမှု Life Improvement ကို အရမ်းတိုးတက်စေပါတယ်။ ဥပမာအခု အရမ်းနာမည်ကြီးနေတဲ့ Justinbiber တို့ဆိုရင် Facebook ရဲ့ ကျေးဇူးကြောင့်ပဲ အခု ကမ္ဘာကျော်တစ်ယောက် ဖြစ်နေတာပေါ့။ သူဆိုထားတဲ့ သီချင်းကို ဗီဒီယို ရိုက်ပြီး Facebook မှာ တင်လိုက်တယ်။ အဲဒီမှာ User ကတွေ့သွားပြီး Justin Biber ကိုခေါ်ပြီးတော့ မြေတောင်မြှောက်ပေးတာပေါ့နော်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အိုင်တီရဲ့အကျိုးကျေးဇူးက သူ့အပေါ်မှာ Life တစ်ခုလုံးကို ချိန်းသွားစေပါတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ Ordinary to extraordinary သာမန်လူတစ်ယောက်ကနေ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေတယ်ပေါ့။ အဲဒီလောက် အခွင့်အရေးကောင်းတဲ့ အိုင်တီကို လျစ်လျူရှုပြီးတော့ Chatting နဲ့ Game လောက်ပဲ တင်းတိမ်နေတာမျိုးက တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုင်တီဆိုတာမျိုးက တန်းတူလည်း သုံးလို့ရတယ်။ အခု မြန်မာနိုင်ငံမှာ ကြည့်နေတဲ့ website နဲ့ အင်္ဂလန်မှာ ကောင်လေး တစ်ယောက် ကြည့်နေတဲ့ website နဲ့ အတူတူပဲပေါ့။ အိုင်တီက အဓိက ကတန်းတူ၊ ရည်တူဖြစ်စေတယ်။ ပြီးတော့ ကျွန်တော်တို့ Globalization ဖြစ်စေတဲ့ Flatting Factor ဆိုတဲ့ ကမ္ဘာကြီးပြားနေတယ်ဆိုတဲ့ အချက်နဲ့ သွားညီနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်ကနည်းပညာမြင့်တဲ့ နိုင်ငံကြီးကို ကျွန်တော်တို့ လိုက်မမှီနိုင်ဘူး။ အခုအချိန်မှာ ကျွန်တော်တို့လည်း ကွန်ပျူတာရှိရင် အွန်လိုင်းတက်ရင် ဒီကောင်တွေနဲ့ Level ပဲ။ အဲဒီတော့ အိုင်တီဟာ အားလုံးကိုတန်းတူဖြစ်စေတယ်။ ကျွန်တော်ဖြစ်စေချင်တာက အိုင်တီကို အသုံးပြုပြီးတော့ မြင့်မြင့်မားမားတီထွင်မှုတွေ ကျွန်တော် မပြောပါဘူး။ ကိုယ်ဘ၀ရဲ့ ပန်းတိုင်တစ်ခု Milestone ပေါ့။ အနည်းဆုံးတော့ Scholarship လောက်တော့ ရောက်သင့်ပါတယ်။ ပြီးတော့မှ ပိုပြီးတော့ မြင့်မားတဲ့ ကိုယ့်ဘ၀ရဲ့ အခွင့်အရေးကို ရစေချင်ပါတယ်။ သူတို့ ထင်နေသလို Chatting တွေ့ပြီး ကောင်မလေးတွေနဲ့ ရည်စားထားရုံလောက် အိုင်တီရဲ့ အကျိုးကျေးဇူးက အဲသလောက်ပဲရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Life ကို အရမ်း Improvement ဖြစ်စေပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ ကိုယ်တွေ့ပါပဲ။ ကျွန်တော် ခုနက ပြောတာက ကျွန်တော် ကြွားပြောတာ မဟုတ်ပါဘူး။ ကျွန်တော် World First ရတာလည်း အိုင်တီရဲ့ အကျိုးကျေးဇူးပါ။ အဲဒီတုန်းက ipad ရှိနေပါပြီ ipad ကို အရင်ကောက်ဝယ်လိုက်ပါတယ်။  အဲဒီ ipad ထဲကနေ Harvard Business Reduce ဆိုတဲ့ ဆောင်ပါးကို တွေ့လိုက်ပါတယ်။ အဲတုန်းက ကျွန်တော့် အိမ်မှာအင်တာနက်မရှိသေးဘူး။ Tokyo Donut မှာ Download ချပြီးတော့ ကျွန်တော်ဖတ်တာပါ။ အဲဒီမှာ ကျွန်တော် HR လောကရဲ့ Meeting ကျင်းပပုံဆိုတဲ့ ဆောင်းပါးကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ နောက်တစ်နေ့ စာမေးပွဲမှာ အဲဒါထည့်ဖြေလိုက်တာပါ။ အဲဒီမှာ ကျွန်နော် World First ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီက Examine က အထင်ကြီးသွားတယ်။ ငါတို့နိုင်ငံမှာ မနေ့ကမှ ထွက်တဲ့ ဂျာနယ်ကို ဒီကောင် ကိုးကားရေးထားတယ်ပေါ့။ သူ မြန်မာနိုင်ငံက ဘယ်လိုဖတ်သလဲ။ ကျွန်တော်က ipad က ဖတ်တာလေ အဲဒီလိုမျိုးပေါ့။ IT ရဲ့ Life က ကျွန်တော်တို့ ဘ၀ မှာဆိုရင် အရမ်းအရေးကြီးပြီး အရမ်းအကျိုးကျေးဇူးဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ipad မရှိရင် အဲဒီလို လုပ်နိုင်မှာလည်း မဟုတ်ဘူးပေါ့။ အဲဒီ စာအုပ် ကလည်း apple မှာပဲ ရတာပါ။ ရိုးရိုး အင်တာနက်မှာလည်း မရပါဘူးပေါ့။ apple မှာ ဒေါ်လာ ၅၀၀ နဲ့ ၀ယ်ရတဲ့စာအုပ်ဆိုရင် စာအုပ်ထဲက စာမျက်နှာ ၃၀ အမြည်းပေးဖတ်တယ်။ ကျွန်တော်က အဲဒါ အမြည်းပဲဖတ်ရတာ။ အမြည်းပဲ ဖတ်ရပေမယ့် ကိုယ်ပဲ တစ်အုပ်လုံးဖတ်သလိုဖြစ်ပြီး ကိုးကားရေးလိုက်တော့ ဒီကောင်တွေ အထင်ကြီးသွားတာပါ။ အဲဒီလိုမျိုး အခု ကျွန်တော့တို့ ဘ၀မှာ အရမ်းအကျိုးကျေးဇူး ရှိစေတယ်။ လက်ရှိ အချိန်အထိလည်း အကျိုးကျေးဇူးရှိတယ်။ ကျွန်တော်တို့ ရေးနေတဲ့ စာအုပ်တော်တော်များများလည်း Online ကနေ ဘာသာပြန်ပေးထားရတာပါ။ ဒီ Success မဂ္ဂဇင်းဆိုရင် ကျွန်တော်တို့ မ၀ယ်နိုင်ဘူး။ အွန်လိုင်းက ဖတ်ရတာပါ။ အွန်လိုင်းပေါ်မှာ လူငယ်အတွက် ဘာပဲ သင်ယူ (Learn) လုပ်မလဲ အကုန်ဖြစ်တယ်။ ကျွန်တော်တို့ ဟိုးခေတ်ကဆိုရင် စာကြည့်တိုက် သွားရတယ်။ ကျွန်တော်တို့ အဘိုးတွေ လက်ထက်ကပေါ့။ ဥပမာ ကျွန်တော်တို့ အကြောင်းအရာ တစ်ခုသိချင်ရင် သူတို့မှာ တော်တော်ခက်ခက်ခဲခဲ ရှာယူရတယ်။ အခု လူငယ်တွေနီးစပ်ရာ IT Coffee ထဲ ၀င်သွား Click တစ်ချက်နှိပ်လိုက်တာနဲ့ သန်းပေါင်း များစွာသော သတင်းအချက်အလက်တွေ information million ပေါင်းများစွာ ကျလာတယ်။ အဲဒီတော့ အဲလိုမျိုးခေတ်ကြီးမှာ IT ရဲ့ အကျိုးကျေးဇူးကို ကိုယ့်ရဲ့ ဘ၀ လုံခြုံချောမွေ့မှု (Self Improvement) ပေါ့၊ ကိုယ် ရဲ့ဘ၀ တိုးတက်ရေးမှာ အပြည့်အ၀သုံးချစေချင်ပါတယ်။ Only Entertainment ထက်ကို Entertainment မလုပ်ရဘူးလို့ ပြောတာမဟုတ်ပါဘူး။ လူငယ်ဆိုတော့ အတိုင်းအတာ တစ်ခုအထိ သုံးတာရပါတယ်။ ဒါပေမဲ့ အဲဒါကြီးပဲ ၁၀၀% ဆိုတော့မကောင်းဘူးပေါ့။ အဲဒီတော့ လူငယ်တွေအတွက်က အိုင်တီက မရှိမဖြစ် လိုပါတယ်။ ဒါပေမဲ့ အဲဒီအိုင်တီကို အကျိုးရှိရှိ အသုံးပြုကြဖို့တော့ လိုအပ်ပါတယ်။ ဒါမှလည်း အောင်မြင်မှု လူငယ်တွေ ဖြစ်လာလိမ့် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုခေတ်မှာက ခေတ်အရမ်းအဆင့်မြင့်နေတော့ လူငယ် တော်တော် များများက ကိုယ့်ရဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာရေးကို မေ့နေကြတာတွေ တွေ့နေရပါတယ်။ အဲဒီလိုမျိုးဆိုတော့ လူငယ်တစ်ဦးအတွက် ဘာသာရေးက ဘယ်လောက်အရေးပါသလဲ ဆိုတာကိုပြောပြပေးပါဦး။

လူငယ်နဲ့ ဘာသာရေးကတော့ ကျွန်တော်အခုလုပ်သွားတဲ့ ဟောပြောပွဲမှာလည်း ထည့်ပြောခဲ့ပါတယ်။ ဗုဒ္ဓ (Buddha) ရဲ့ Law of Couse and effect က သိပ်ကောင်းတယ်လို့။ ကျွန်တော်တို့ နိုင်ငံမှာ  တစ်ခု သတ်မှတ်ထားတာက ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုပြီးတော့ အဲဒီလို သတ်မှတ်ထားပါတယ်။ အဲဒီလို အသက်နဲ့ ပိုင်းခြားထားပြီးတော့ ပထမ အရွယ်၊ ဒုတိယ အရွယ် တွေမှာ သေသွားခဲ့ မယ်ဆိုရင် ကျွန်တော်တို့က ဘာသာရေး မလုပ်ထားရင် ဘာမှ မတတ်နိုင်ဘူး။ ဘာသာရေးကတော့ လူတိုင်းနဲ့ ဆိုင်ပါတယ်။ နောက်ပြီး လူငယ်တွေနဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော်တို့ အောင်မြင်ရေးနဲ့လည်း ပို ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးက သူများတွေပြောသလို ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတွေပေါ့။ ဘာသာရေးက ဘ၀နောက်ကြောင်း လောကုတ္တရာ၊ ဘ၀သေပြီး နောက်ပိုင်းဖြစ်မယ့် ဘ၀တွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး၊  အထူးဖြင့် ဗုဒ္ဓရဲ့  သင်ကြားချက်တွေက ကျွန်တော်တို့က ဗုဒ္ဓကို ဘာသာရေး ခေါင်းဆောင်ကြီး တစ်ပါးထက် ကိုးကွယ်စရာ၊ ထိုင်ကန်တော့စရာ ဘုရားတစ်ဆူထက် ကျွန်တော်က ဘ၀ သင်ခန်းစာတွေ သင်ပေးခဲ့ ပါမောက္ခကြီးတစ်ဦးအနေနဲ့ ရှုမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓရဲ့ သင်ခန်းစာတွေက ကျွန်တော်တို့ အပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ အရမ်းလည်းကြိုက်ပါတယ်။ အရမ်းလည်းဒဿန မြောက်ပါတယ်။ ဘ၀အောင်မြင်ရေအတွက်လည်း ဗုဒ္ဓက အများကြီး လမ်းညွှန်ထားပါတယ်။ မင်္ဂလသုတ် တစ်ခုတည်းနဲ့ပဲ ကမ္ဘာမှာရှိတဲ့ Management စာအုပ် အားလုံးမှာပါတဲ့ Principle တွေကို အနှစ်ချုပ်ပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ ဗုဒ္ဓက အဲဒီအကြောင်းအရာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ကတည်းက ပြောခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလသုတ် အတိုင်းလိုက်လိုက်ရင် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ နောက် ဗုဒ္ဓ ရဲ့ အဓိက ဒဿနက ‘ကံ’ တရားပေါ့။ ကိုယ်လုပ်ရင် ကိုယ်ဖြစ်မယ်ဆိုတဲ့ Principle ဒါကို ကျွန်တော်တို့ သိပ္ပံပညာရှင် အဲဘတ်အိုင်းစတိုင်းကတောင်ကြိုက်ပါတယ်။ တချို့လူတွေက ရှိပါတယ်။ အခုပြောနေကြတာပေါ့။ မဟုတ်တာ လုပ်ပြီးတော့ ဘာလို့ကောင်းနေကြတာလဲ အဲဒါကို ကျွန်တော်တို့က ခုနက ပြောတာက ကံတရားတွေရဲ့ နူးညံ့မှု ဆိုတာရှိတာပေါ့။ ရှေးဘ၀က လုပ်တဲ့ ကုသိုလ်ကံ အရှိန်တွေရှိနေတဲ့ အချိန်မှာ သူ့ရဲ့ အကုသိုလ်ကံ အကျိုးမပေးသေားတာပါ။ နောက်ပြီး ကုသိုလ် လုပ်ပြီး မကောင်းတာတွေပဲ ဖြစ်နေတာ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးဘ၀က အကုသိုလ် အရှိန်လေးကရှိနေသေးတော့ သူ့ရဲ့ ကုသိုလ်ကံက အကျိုးမပေးသေးတာပဲ။ မုချ ကုသိုလ်ကံက အကျိုးပေးဖို့ဆိုရင် ကျွန်တော်တို့က အဓိက ကောင်းတာလုပ်ဖို့ပါ။ ဗုဒ္ဓဘာသာအရ ကောင်းမွန်တဲ့ ဘ၀ကို ကောင်းတဲ့ အရာတွေနဲ့ပဲ ဖန်တီးလို့ ရတယ်ပေါ့။ မရိုးမသားလုပ်ပြီး ဖြစ်လာတဲ့ အောင်မြင်မှုက ရေရှည်ဘယ်သူမှ မရပ်တည်နိုင်ပါဘူး။ သူရဲ့ ကာလအပိုင်းအခြားအပေါ် မူတည်ပြီးတော့ပေါ့။ ဒါကို ကျွန်တော်တို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ ကောင်းကောင်းကြီး ပညာပေးထားပါတယ်။ တကယ်တမ်းက ကျွန်တော်တို့ ဘ၀မှာ အောင်မြင်ဖို့အတွက် ဗုဒ္ဓက သေသေချာချာ ညွှန်ကြားပြသခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက သင်ခဲ့ပြီးသားပါ။ အဲဒါတွေကို ကျွန်တော်တို့ လူငယ်တွေက ဘာသာရေးကိုလုပ်ရင် အလကားအဘိုးကြီးပါကွာ ဂေါက်ကြောင်နေပြီ။ နောက်တစ်ခါ ဘာသာရေးလုပ်ရင် လောကကြီးကို အဆိုး မြင်သွားမယ်၊ ငြီးငွေ့သွားမယ်။ အဲသလို ထင်ကြတယ်၊ မဟုတ်ပါဘူး။ ဘာသာရေးကို တကယ်လုပ်ရင် အမှန်တကယ်က လောကကြီးမှာ ပိုအောင်မြင်ပါတယ်။ မယုံရင်ကျွန်တော်တို့ ဆရာတော် ကြီးတွေကို ကြည့်မယ်ဆိုရင် ဘုန်းဘုန်းတွေလောက် လာဘ်လာဘများတာမရှိဘူး။ ဒါ ဘာသာရေးလုပ်လို့ အောင်မြင်တာလို့ ကျွန်တော်တို့ ဆိုရမှာပါ။ သူတို့ကိုပဲ စံပြပုဂ္ဂိုလ်(Role Model) ထားကြည့်ရင် ကျွန်တော်တို့ တကယ်ဘာသာရေးလိုက်စားရင် Life မှာလည်း တကယ်အောင်မြင်ပါတယ်။ ဗုဒ္ဓခေတ် ကလည်းအနာထပိဏ် သူဌေးကြီးတို့ ၀ိသာခါ ကျောင်းအစ်မကြီးတို့က သူတို့ တောထွက်သွားတာမဟုတ်ပါဘူး။ ဘုရားတရားတော်ကို အတိုင်းအတာ တစ်ခုအထိ လိုက်နာကျင့်သုံးတဲ့အခါမှာ ချမ်းသာတဲ့စည်းစိမ်ကို သူတို့ခံစားရတာပါ။ အဲဒါကိုကျွန်တော်အဓိက ပြောချင်တာက Highlight လုပ်ချင်တာပါ။ ဘာသာရေးလုပ်ရင် ဘ၀မှာ ကျွန်တော်တို့ ပိုအောင်မြင်ပါတယ်။ ကျရှုံးလာတဲ့ အခါမှာလည်းသူများထက်ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ အလွယ်တကူ ပြိုင်ပွဲထဲက မထွက်သွား နိုင်ဘူးပေါ့။ အဲဒီတော့ လူငယ်တွေလည်း အဓိကကတော့ အနုပညာကို ကျွန်တော်တို့ တန်ဖိုးထားရမယ်။ ခုနကပြောသလို မြန်မာပြည်က အနုပညာရှင် တစ်ယောက် ဒါမှမဟုတ် Developing Country က အနုပညာရှင်တစ်ယောက်ထက် အနောက်တိုင်း Developde Country က အနုပညာရှင်က ဘာဖြစ်လို့ ပိုချမ်းသာပြီး ပိုအောင်မြင်လဲ ဆိုတာရှင်းပါတယ်။ ခုနက ပြောသလိုပဲပေါ့။ သူတို့ဆီမှာ အနုပညာခံစားဖို့ အချိန်က သိပ်မရှိပါဘူး။ အဲဒီလို အချိန်မျိုးမှာ လူငယ်တွေ အနေနဲ့ အနုပညာကို လိုက်စားတဲ့အခါမှာ ဘာအကျိုး ကျေးဇူးရှိသလဲ ဆိုတော့ စိတ်ထားနူးညံ့လာတယ်။ ပြီးသွားရင် လောကကြီးကို ခံနိုင်ရည်ရှိလာတယ်။ ခုနက ပြောသလိုပေါ့။ သုတနဲ့ ရသစာပေမှာ သုတစာပေကို ကျွန်တော်တို့ ဘယ်လိုမှတ်မလဲဆိုတော့ တောင်ပေါ်ကိုတက်တဲ့ ကိရိယာပေါ့။ ရသစာပေကျတော့ တောင်ပေါ်က ပြုတ်ကျတဲ့အခါ နောက်တစ်ကြိမ်တက်ဖို့ ခွန်အားပေးတဲ့စာပေါ့။ အဲဒီလို သတ်မှတ်လို့ရပါတယ်။ လူငယ်တွေ အနေနဲ့ အနုပညာကို လိုက်စားခြင်းအားဖြင့် မူးယစ်သုံးစွဲတာတို့ အရက်၊ ဆေးလိပ်သောက်တဲ့အချိန်တွေ လျော့သွားတယ်။ အနုပညာကို လိုက်စားတဲ့အတွက် ကျွန်တော်တို့ စိတ်ထားတွေ နူးညံ့လာမယ်။ အနုပညာရဲ့အဓိကအားသာချက်က လူတစ်ဦးရဲ့ စိတ်ခံစားမှု စွမ်းရည်ကို တက်စေပါတယ်။ အဲဒါက ဘာကိုပါအကျိုး ရှိစေသလဲဆိုတော့ ဆင်ခြင်တုံတရားကိုပါ အကျိုးဖြစ်စေပါတယ်။ အနုပညာ လိုက်စားတဲ့ သူက ဘာအနုပညာပဲ လိုက်စားစား မြင့်မားတဲ့ အတွေးတွေရမယ်။ သီချင်းပဲဆိုဆို၊ မော်ဒယ်လ်ပဲလုပ်လုပ်၊ စာပဲရေးရေး အဲဒီအကျိုးကျေးဇူးကို ရမယ်။ ပြီးတော့ အနုပညာ ဈာန်ဝင်စားနေတဲ့ အချိန်မှာ ဘာသာရေးအရ ကြည့်မယ်ဆိုရင် ခုနက ကျွန်တော်တို့ ပြောသလို အနုပညာ အလုပ်လုပ်နေတဲ့အတွက် အကုသိုလ် မဖြစ်ဘူး။ ဘယ်သူ့ကိုမှ မတော်လောဘမထားဘူး။ ဒေါသလည်း မဖြစ်ဘူး။ သူ့ဟာနဲ့သူ နူးနူးညံ့ညံ့လေး ခံစားနေရတယ်။ အနုပညာဟာ ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆိုရင် ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် ဆေးတစ်ခွက်ပါပဲ။ အနုပညာခံစားတဲ့ သူများနေတဲ့ ကမ္ဘာ့ကြီးမှာ စစ်ဖြစ်စရာအကြောင်းမရှိဘူး။ အနုပညာ ခံစားတဲ့ သူမရှိတဲ့ ကမ္ဘာ့မှာသာ အကြမ်းအရမ်းတွေ ဖြစ်တာဆိုတော့ အနုပညာလိုက် စားတာဟာ တော်တော်လေး ကောင်းတဲ့ ကိစ္စပါပဲ။

အခု နောက်ဆုံး လူငယ်တွေအတွက် စကားလက်ဆောင်လေးဖြန့်ဝေပေးပါဦး။

လူငယ်တွေကို ပြောရမယ်ဆိုရင် ကျွန်တော်တစ်လုံးတည်းပဲ ခံစားချက်နဲ့ ပြောလို့ရပါတယ်။ ဘ၀မှာ impossible ဆိုတာ မရှိဘူး။ I am possible လို့ပဲ ပြင်ချင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ပြီးတော့ ဘ၀မှာ အရှုံးဆိုတာ မရှိဘူး။ မအောင်မြင်သေးတာပဲ ရှိတယ်။ အောင်မြင်မှုနဲ့ ရလဒ်ပဲ ရှိပါတယ်။ ရလဒ်က တစ်ခါတလေ အောင်မြင်မှု ဖြစ်ချင်မှ ဖြစ်မယ်။ အဲဒီတော့ အဲဒီရလဒ်ကို နောက်တစ်ကြိမ် ပြန်ကောင်းအောင် ကြိုးစားပေါ့။ တစ်ကယ်တမ်း အမှန်တကယ် ကျဆုံးတယ်ဆိုတာ အဲဒီ ရလဒ်ကနေ သင်ခန်းစာမယူဘဲနဲ့ အရူံးသမား အဖြစ်ခံယူတာက ကျဆုံးတာပါပဲ။ ဘ၀မှာ ကိုယ်အရှုံးမပေးသရွေ့ ဘ၀တိုက်ပွဲမှာ ဘယ်တော့မှ မရှုံးဘူး။ မအောင်မြင် သေးတာပဲရှိပါတယ်။ ဆက်ပြီး ကြိုးစားကြပါလို့ ပြောချင်ပါတယ်။