သန်သူနဲ့စွမ်းသူ ဆယ်ကျော်သက်အရွယ်ကတည်းက အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သူ

စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ပျော်စရာ ကောင်းပြီးကိုယ့်ရဲ့ စိတ်ကူးတွေကို တကယ်အောင်မြင်ဖို့ အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်သူမဆို ရည်ရွယ်ချက် အကြီးကြီးတွေ၊ ဘ၀မြင့်မြင့်တွေကို အိပ်မက်လေ့ရှိတာ သဘာဝပါပဲ။ ထူးခြားတဲ့ လူငယ်တချို့ကတော့ လူနည်းစုတွေပဲ မက်လေ့ရှိတဲ့ အိပ်မက်တွေကိုမက်တတ်ကြပါတယ်။ များသောအားဖြင့်တော့ လူငယ်တွေရဲ့ အိပ်မက်တွေက အတတ်ပညာရှင်၊ လုပ်ငန်းရှင်တွေပဲ ဖြစ်ပြီး အောင်မြင်ကျော်ကြားဖို့ခဲယဉ်းလှတဲ့ စာပေအနုပညာရှင်ဖြစ်ချင်သူ နည်းပါးကြပါတယ်။ လင်းသိုက်ညွန့်ဆိုတဲ့ လူငယ်တစ်ဦးကတော့ ကလေးဘ၀ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့ပြီး သူရဲ့စိတ်ကူး အိပ်မက်တို့ ဆယ်ကျော်သက် အရွယ် ၉ တန်း ကျောင်းသား အရွယ်မှာ ပဲ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သူပါ။
 
                  “ကျွန်တော် ၉ တန်း ဆယ်ကျော်သက် ဘ၀မှာ ကျွန်တော်တို့ ဆီမှာက ရိုးလ်မော်ဒယ်ထားဖို့ဆိုရင် အမှန်အတိုင်းပြောရင် စာရေးဆရာဟာ ရိုးလ်မော်ဒယ်ထားနေကြတာက မင်းသားဖြစ်ဖို့၊ မင်းသမီး ဖြစ်ဖို့၊ အဆိုတော်ဖြစ်ဖို့၊ ကုမ္ပဏီပိုင်ရှင်ဖြစ်ဖို့၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ဖို့ ဒါမျိုးတွေပဲ များပါတယ်။ ကျွန်တော်ကတော့ စာရေးဆရာဖြစ်ဖို့ စိတ်တကယ်ထားခဲ့ပါတယ်။ ထားခဲ့လို့လည်း ၉ တန်း ကျောင်းသား ကတည်းက ပုံနှိပ်စာလုံးဖြစ်အောင်ကြိုးစားခဲ့တာပါ ” လို့ လင်းသိုက်ညွန့်က ဆိုပါတယ်။ လင်းသိုက်ညွန့်က ၃-၄ တန်း အရွယ်ကတည်းက ပလုတ်တုတ်ကလေး ဂျာနယ်မျိုးမှာ လင်းသိုက်ညွန့်(မြန်မာမြေ) ဆိုတဲ့ ကလောင်နဲ့ ကလေးစာ၊ ကလေးကဗျာတွေ ပါဝင်ရေးသားခဲ့ဖူးသူပါ။ မိဘမျိုးရိုးစဉ်ဆက်မှာ စာပေနဲ့ ပတ်သက်တဲ့ အနုပညာသွေး၊ ဗီဇမရှိခဲ့ပေမဲ့ တစ်မိပေါက်တစ်ယောက်ထွန်းလို့ဆိုရမဲ့ လင်းသိုက်ညွန့်(မြန်မာ့မြေ) ဖြစ်လာအောင် ပြုစုပျိုးထောင်သူတော့ ရှိခဲ့ပါတယ်။ တစ်ဦးတည်းသောသား လင်းသိုက်ညွန့်ကို အဘိုးဖြစ်သူ ဦးသိုက်ညွန့်က စာရေး စာဖတ် ၀ါသနာပါအောင် မြေတောင်မြှောက်ပေးခဲ့သူ ဖြစ်ပြီး လင်းသိုက်ညွန့်ရဲ့ အဖော်က စာအုပ်စာပေတွေဖြစ်ခဲ့ရပါတယ်။
 
                 “ကလေးတုန်းကတော့ ကျွန်တော် နှစ်သက်လေးစားခဲ့ရတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေလို နေရလိမ့်မယ်လို့ တကယ်မြင်ယောင်ခဲ့တာပါ။ အဲဒီကျွန်တော် လေးစားအထင်ကြီးတဲ့ စာရေးဆရာကြီးတွေရဲ့ တကယ့်ဘ၀ကို ကျွန်တော် သိတတ်တဲ့ အရွယ်ရောက်မှ တွေ့မြင်လိုက်ရတဲ့ အချိန်မှာ စိတ်မကောင်းဘူး။ ကျွန်နော် ၄ တန်းလောက်တုန်းကဆို အဲဒီစာရေးဆရာကြီးတွေက အခြံအရံတွေ အများကြီးနဲ့ အဆင့်မြင့်မြင့်နေရမယ် လို့ထင်ထားခဲ့တာ။ ဘာလို့ဆိုတော့ သူတို့အရေးအသားတွေက သိပ်ကောင်းသိပ်တော်တယ်လေ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ သူတို့အတွက်နေရာကောင်းမရဘူး။ တချို့ စာရေးဆရာတွေ ချောင်းသာကို စာသွားရေးချင်လိုက်တာကွာ လို့ ညည်းတာ ကျွန်တော်ကြားဖူးတယ်။ နိုင်ငံခြား သွားပြီး စာရေးဖို့မပြောနဲ့ပေါ့။ ဒါပေမဲ့ အဲဒီအရာတွေက ကျွန်တော် စာရေးဆရာဖြစ်ချင်တဲ့တွန်းအားကို မလျှော့သွားစေပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် စာရေးဆရာဖြစ်လာတဲ့ အချိန်မှာ စာရေးဆရာ ဆိုတာဟာ တခြား Entertainment က အနုပညာရှင်တွေက တန်းတူဖြစ်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော့် ဘ၀မှာ အခုထိ ရှိနေတုန်းပဲ” လို့လည်းလင်းသိုက်ညွန့် က အခုထိ မပြောင်းလဲသေးတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။
 
                လင်းသိုက်ညွန့် (မြန်မာ့မြေ) က သူရဲ့ ရည်ရွယ်ချက်ကို အခုထိအကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ သူထွက်သမျှ စာအုပ်တိုင်ကို မိတ်ဆက်ပွဲပြုလုပ်ခြင်းနဲ့ ဟောပြောပွဲတွေကို လင်းသိုက်ညွက် (မြန်မာ့မြေ) က နိုင်ငံတကာ အဆင့်မီ ဟိုတယ်တွေမှာ ပြုလုပ်နိုင်ခဲ့သလို ပရိသတ်အပြည့် တက်ရောက်တဲ့ ပွဲတွေ လည်းဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေရေးလက်မှတ် ရောင်းချသလိုမျိုး မြန်မာစာရေးဆရာ တစ်ယောက်အနေနဲ့ ဟောပြောပွဲ လက်မှတ်ရောင်းချတဲ့ပုံစံနဲ့ ကျင်းပနိုင်ခဲ့တဲ့ပွဲတွေလည်း ဖြစ်ပါတယ်။
 
                လင်းသိုက်ညွန့် (မြန်မာ့မြေ) က မြန်မာလူငယ်တွေ အောင်မြင်ရေးအတွက် စာအုပ်တွေကို ကိုယ်ပိုင်စာအုပ်တိုက်ကနေ ထွက်နေသလို တစ်ဖက်မှာလည်း ပညာရပ်တွေဆည်းပူးလေ့လာသင်ယူရင်း ကိုယ်တတ်ထားတဲ့ ပညာတွေကို ဖြန့်ဝေပို့ချနေတဲ့ သင်တန်းဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ လုပ်နေတာတွေ သိပ်များပေမဲ့ လုပ်တဲ့အရာတိုင်းကို အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နိုင်တဲ့ လင်းသိုက်ညွန့်ကို လုပ်ငန်းစဉ်တွေ အတွက် တိကျတဲ့ အစီအစဉ်ဇယားရှိခဲ့ရင် လူငယ်တွေကို နမူနာပြောပေးဖို့ဆိုတော့ “ကျွန်တော့်ရဲ့ Timetable ကို ကျွန်တော် ကိုယ်တိုင်ပဲ ဆွဲတာပါ Engery Management ပေါ့။ Timetable အသေမရှိဘူး။ ဥပမာ မနက် ၁၁ နာရီ စာကျက်ရန်လို့ ကျွန်တော်လုံးဝမလုပ်ဘူး။ တစ်နေ့ ၂ နာရီ စာကျက်ရန် ဆိုတာ မျိုးတော့ လုပ်တယ်။အဲဒီ ၂ နာရီဆိုတာက ကျွန်တော်အဆင်ပြေတဲ့အချိန် စိတ်အပါဆုံး အချိန်ကျက်မယ်။  အဲဒီနေ့မှာ ကျွန်တော် လုံးဝစိတ်မပါရင်လည်း မကျက်ဘူး။ ဒါပေမဲ့ အကြွေးမှတ်ထားတယ်။ စိတ်ပါတဲ့နေ့မှာ ၄ နာရီ သွားကျက်လိုက်တယ်။ ကျွန်တော်က Energy Management နဲ့သွားတယ်။ အဆင်ပြေတယ်။ ကျွန်တော်က ၀န်ထမ်း မလုပ်ချင်ဘူး။ ဒါပေမဲ့ Total Learning Academy မှာ ၀န်ထမ်းလုပ်ဖူးတယ်။ အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော် ၂လ ၃လ ပဲ လုပ်နိုင်တယ်။ ကျွန်တော်တို့ စာပေ Creation က Time နဲ့သွားလို့ မရဘူးလေ။ Target ပြည့်မီအောင်တော့ လုပ်ရတာပေါ့။ တစ်လပြည့် ရင် စာဘယ်နှအုပ်ရေးမယ်ဆိုတဲ့ Limit တော့ ကျွန်တော့်မှာ ရှိတယ်”လို့ဆိုပါတယ်။
 
                လင်းသိုက်ညွန့်က လက်ရှိမှာ ဂျာနယ် ၅ စောင်၊ မဂ္ဂဇင်း ၃စောင်မှာ အပတ်စဉ် လစဉ် ပင်တိုင် ရေးသား နေတဲ့ ဆောင်းပါးရှင်တစ်ဦးဖြစ်တာကြောင့် ဆောင်းပါးတွေကိုလည်း အပတ်စဉ် လစဉ် ထွက်နိုင်အောင် လုပ်နေရတဲ့ သူပါ။ ပညာရပ်ဆိုင်ရာတွေဖြစ်တဲ့အတွက် ထွက်လို့ရအောင် လုပ်နိုင်တယ်ဆိုတဲ့ လင်းသိုက်ညွန့်က ‘စာရေးဆရာတွေက ရသကို ခံစားပြီးမှ ရေးလို့ရတယ် လို့ဆိုတယ်။ ကျွန်တော်ကတော့ ခံစားမှုကို လုပ်ယူတယ်။ ကျွန်တော်ကတော့ ခံစားမှုကို လုပ်ယူတယ်။ စာပေကို Professional အနေနဲ့ရေးရင် ရေးလို့ ရမယ်လို့ ကျွန်တော်က ယူဆထားတယ်။ အဲဒီအတွက် ဘယ်အချိန် ထိုင်ရေးမယ်ဆိုတာတော့ မရှိဘူး။ Target နဲ့ သွားတယ်။ ကျွန်တော့် ရဲ့ ဂိုက်တွေ အားလုံးကတော့ ကျွန်တော် ခုချိန်ထိ ဖတ်ခဲ့ရတဲ့ စာပေတွေပေါ့။ အထူးသဖြင့် မြန်မာစာပေ ကမ္ဘာစာပေတွေ ရှိမယ်’ လို့ပြောပြပါတယ်။
 
               လင်းသိုက်ညွန့် (မြန်မာ့မြေ) ကလောင်နဲ့ တကယ်တမ်း စတင်ရေးသား ဖြစ်ခဲ့တဲ့ စာပေ အမျိုးအစား ကတော့ ရသစာပေပါ။ ရယ်စရာ မဂ္ဂဇင်းရဲ့ ၀တ္ထုတိုပြိုင်ပွဲမှာ ဆု ၅ ကြိမ်ရခဲ့ဖူးတဲ့ လက်ရာရှင်လည်း ဖြစ်ပါတယ်။ ရသ၀တ္ထုတွေကို မဂ္ဂဇင်း၊ ဂျာနယ်တွေထဲမှာ အပုဒ် ၄၀ ခန့် ပါခဲ့ဖူးပေမဲ့လက်ရှိ အရေးများတဲ့ လိုင်းက သုတပညာရေးပိုင်းဖြစ်နေတာနဲ့ ပတ်သက်ပြီး ‘ကျွန်တော်တို့ နိုင်ငံအခြေအနေအရ ရသစာပေရေးထားတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ ဒီသုတပိုင်းမှာ အရေးများတဲ့ လူငယ်စာရေးဆရာ တစ်ယောက်မှ ကျွန်တော် မတွေ့ သေးပါဘူး။ သူတလိုင်မှာ ဆရာကြီးတွေ၊ သိပ်တော်တဲ့ လူကြီးတွေပဲရှိပါတယ်။ ဒါပေမဲ့ လူငယ်အချင်းချင်းရင်ဘတ် ချင်းနီးစပ်အောင်ရေးဖို့က ဘယ်သူမှ မရှိပါဘူး။ နောက်တစ်ချက်သည် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ နိုင်ငံသစ်ကို သွားနေတဲ့ အချိန်ဖြစ်တယ်။ ဒီတော့ လူငယ်တွေမှာ Driving Force တွေ တွန်းအားတွေလိုတယ်လို့ထင်တယ်။ ကျွန်တော်လက်ရှိဘ၀မှာလည်း ကျွန်တော်သည် သင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ ဒါသည် သင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ ဒါသည် ကျွန်တော်ရဲ့ Professional ဖြစ်တဲ့အတွက် ကျွန်တော် ပိုင်နိုင်တဲ့ လမ်းကိုလျှောက်တယ်။ ပြီးတော့ လူ့အဖွဲ့အစည်းကို Sharing လုပ်ချင်တဲ့အတွက် စာပေပုံစံ ကို Platform တစ်ခုအနေနဲ့ အသုံးချပြီး Deliver လုပ်တာဖြစ်တယ်။ ကျွန်တော်ထင်တာတော့ လက်ရှိအချိန်မှာ လူငယ်တွေအနေနဲ့ လောကကြီးကို အပြုသဘောနဲ့ မြင်ဖို့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းကိုအပြုသဘော မြင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ဟာ ကျွန်နော်တို့ နိုင်ငံရဲ့ အရေကြီး လိုအပ်ချက်လို့ မြင်တဲ့အတွက် တတ်နိုင်သလောက် လူငယ်စာရေးဆရာ တစ်ယောက်အနေနဲ့ ဒီလိုင်းကို ရေးဖြစ်တာပါ။ ကျွန်တော် အသက်ရလာတဲ့ အချိန်ကျရင်လည်း ရသဘက်ကို လှည့်နိုင်အောင် ကြိုးစားပါ့မယ်’ လို့ပြောပြပါတယ်။ လင်းသိုက်ညွန့် (မြန်မာ့မြေ) က သူ့ရည်မှန်းချက်၊ သူ့ စိတ်ဆန္ဒအတိုင်း ဖြစ်မြောက်အောင် အကောင်အထည်  ဖော်နိုင်ခဲ့ပါတယ်။ လူငယ်ရေးတဲ့ သူတ၊ ပညာပိုင်းစာအုပ်တွေကို လူငယ်ပရိသတ်တွေက မြည်းစမ်း လေ့လာရင်း နှစ်သက် သဘောကျတဲ့ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။
 
              မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပါခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းထုတ်ဝေတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို မြန်မာ့မြေ စာပေကလည်း ထုတ်ဝေခဲ့ပြီး စာအုပ်များစွာ ထွက်ရှိနိုင်ခဲ့တဲ့အတွက် နောက်ခံအင်အား ကောင်းကောင်း နဲ့ အစစအရာရာ အဆင်ပြေမှုရှိခဲ့တယ်လို့ ထင်မြင်ယူဆခဲ့မိကြပါလိမ့်မယ်။ ဒီထင်မြင် ယူဆမှုများ မှားယွင်းတယ်လို့ ဆိုပါရစေ။ လင်းသိုက်ညွန့် (မြန်မာ့မြေ) ရဲ့ မိသားစုက သူ့ကို “စာဖတ်ပါ စာရေးဆရာ မဖြစ်စေနှင့်” လို့ ဆိုခဲ့ပါသတဲ့။ “လူကြီးတွေကတော့ စေတနာနဲ့ ပြောခဲ့တာပေါ့လေ။ ဘိုးဘိုးက သူ့ဝန်းကျင်မှာ ကုမ္ပဏီလုပ်တယ်။ ကုမ္ပဏီပိုင်ရှင်ဖြစ်တယ် ဆိုတော့ ဒီလိုပြောတာ သူမှားတယ်လို့ မယူဆပေမဲ့ ကျွန်တော် လက်မခံနိုင်ဘူး။ ပြီးတော့ လက်ရှိတွေ့နေရတယ် စာရေးဆရာ အင်တာဗျူးတွေမှာ ကျွန်တော် ကိုယ်တိုင် တွေ့တာ။ Sky Net အင်တာဗျူး တစ်ခုမှာ ပါသွားတာ။ စာရေးဆရာ ကိုယ်တိုင်ပြောတာ။ စာရေးဆရာဆိုတာတဲ့ ပိုက်ဆံမှ မချမ်းသာတာတဲ့။ မှန်တယ်။ ဒီတော့ ကျွန်တော်တို့က ပိုက်ဆံရှိတဲ့ စာရေးဆရာဖြစ်အောင် လုပ်ရမယ်ပေါ့” လို့ လင်းသိုက်ညွန့်က မိသားစုရဲ့ သဘောထားကိုပြောပြပါတယ်။
   
               အခုလို မိသားစုဝန်းကျင်ထဲကနေ စာရေးဆရာဖြစ်ချင်လွန်းတဲ့ လင်းသိုက်ညွန့်ရဲ့ ပထမခြေလှမ်းက ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ ပထမဆုံး စာအုပ်ကို လင်းသိုက်ညွန့်မိသားစုက လုံးဝမထုတ်ပေးခဲ့ဘဲ ကိုယ်ပိုင် ပိုက်ဆံနဲ့ ထုတ်ခဲ့ရပါတယ်။ တက္ကသိုလ် ပထမနှစ်ကျောင်းသား လင်းသိုက်ညွန့်က စာပေသင်ကြားတဲ့အလုပ်နဲ့ ရရှိတဲ့ငွေကြေးတွေကိုစုပြီး ပထမဆုံးစာအုပ်ကို မရ ရအောင်ထုတ်ဝေခဲ့ပါတယ်။ “အဲဒီတုန်းက ဘက်စ်ကားစီးပြီး စာလိုက်သင်ပြီး စာအုပ်ထုတ်ဖို့ ပိုက်ဆံစုခဲ့တာ။ မြန်မာတွေ အောင်မြင်ဖို့ ကျတော့ လူနည်းနည်း သိသွားပြီ။ ငွေလည်းလှည့်ပတ်လို့ ရသွားပြီ။ ရှုံးတော့ ရှုံးနေပေမဲ့ လည်ပတ်လို့ ရနေတယ်။ မြန်မာတွေ အောင်မြင်ဖို့ ကစပြီးတော့ အိမ်က ကျွန်တော့်ကို သိပ်မပြောတော့ဘူး။ စာပေပညာရှင်ဆိုတာ ဘ၀ကို အာမခံချက် ပေးနိုင်တယ် ဆိုတာကို အပြည့်အ၀ ထောက်ခံပေးနိုင်တဲ့ လူကြီးမရှိဘူး။ အဲဒါသည် ကျွန်တော်ရဲ့ အဓိက အခက်အခဲပါပဲ။ စာရေးဆရာဆိုတာကို ကျွန်တော့် Generation ကျမှ စတာ ပေါ့” လို့ ဆိုပါတယ်။
   
              လင်းသိုက်ညွန့် (မြန်မာ့မြေ) က မြန်မာနိုင်ငံကနေ LL.B ဘွဲ့ကိုရရှိထားသူဖြစ်သလို London Metropolitan University မှ B.Sc (Hons:), NCC(UK) မှ IDEC, IADCS ဒီပလိုမာနဲ့ Advanced ဒီပလိုမာ၊ Association of Business Executives (UK) မှ ရရှိခဲ့ပြီး Advanced Diploma in Business Management, Association of Business Management, Executives(UK) မှ Advanced Diploma in Business Management စာမေးပွဲ SHRM ဘာသာရပ်မှာ ကမ္ဘာအမှတ်အများဆုံး (World First) တွေ ရရှိထားတဲ့ လူငယ် တစ်ဦးလည်း ဖြစ်ပါတယ်။
   
               လင်းသိုက်ညွန့်က ပြည်ပ ပညာရပ်သင်ကြားမှု အတွေ့အကြုံ အခက်အခဲ ကိုလည်း အခုလို ပြောပြ ပါသေးတယ်။ “ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက အရင်းအမြစ်အားနည်းမှုပေါ့နော်။ ဥပမာ ကျွန်တော်တို့က World First ရ အောင်ဖြေရမယ်ဆိုရင် အမေရိကန်၊ အင်္ဂလန်ကျောင်းသားတွေနဲ့ ၀ိုင်းဖြေရတယ်။ ပြောရရင် သူတို့ လိုင်ဘရီနဲ့ ကျွန်တော်တို့ လိုင်ဘရီ မတူပါဘူး၊ Resources ကွာခြင်းချက်တွေ ရှိတယ်။ ကျွန်တော်တို့က အင်တာနက်ကနေ ယူရတယ်။ ကျွန်တော်တို့က ကမ္ဘာ့အဆင့် ထူးချွန်မှု အမြင့်ဆုံးတွေ ရနိုင်ရဲ့သားနဲ့ အရင်းအမြစ် အားနည်းမှုကြောင့်၊ စာအုပ်စာတမ်း အားနည်းမှုကြောင့်၊ လေ့လာမှု အားနည်းမှုကြောင့် ကမ္ဘာ့အဆင့် ထူးချွန်မှုကို မရတဲ့သူ တွေ အများကြီး တွေ့ရပါတယ်။ အဲဒါကို ကျွန်တော် တစ်ယောက်တည်း အနေနဲ့ မပြောဘဲ မြန်မာလူငယ်ထုရဲ့ အခက်အခဲအနေနဲ့ ကျွန်တော် တင်ပြချင်တာပါ” လို့ လင်းသိုက်ညွန့် က ဆိုခဲ့ပါတယ်။World First တစ်ယောက်ရဲ့ အကြုံချက်က လူငယ်တွေအတွက် အသုံးဝင်မဲ့အချက်လို့ ထင်ပါတယ်။ ကမ္ဘာကလူငယ်တွေနဲ့ယှဉ်တဲ့အခါမှာ မြန်မာလူငယ်တွေက လေ့လာမှု၊ စာကျက်မှု အတူတူပြုလုပ်နိုင်ကြပေမဲ့ Presentation ပိုင်းမှာ အားနည်းတဲ့ အတွက် အဲဒီတစ်ခုတော့ ပိုကြိုးစားသင့်တယ်လို့ ဆိုပါတယ်။ “Attractive ဖြစ်တဲ့၊ Presentation ကို မတင်ပြနိုင်ကြဘူး။ ကျွန်တော့်အနေနဲ့ အားသာချက်တစ်ခုက စာမေးပွဲဖြေတဲ့ အချိန်မှာ စာရေးဆရာဖြစ်နေတယ်။ ဒီတော့ ဘယ်လို Present လုပ်ရမယ်ဆိုတာကို သိတယ်။ ဒီတော့ Examiner ကိုစာစစ်နေသလိုမျိုး နှိုးဆွတဲ့ စကားလုံး လေးတွေနဲ့ စိတ်ဝင်စားအောင် ရေးပြနိုင်တယ်။ မြန်မာကျောင်းသားတွေ ကမ္ဘာ့အဆင့်ထူးချွန်ဆုရချင်ရင် အဓိကပြင်ဆင်သွားရမှာက Presentation ပါပဲ။ Language က ကျွန်တော်တို့ ထက်ကောင်းတာ တွေ့ရတယ်ဗျ။ Thinking လည်းအရမ်းကောင်းတယ်၊ ဒါပေမဲ့ Reading Presentation အားနည်းတယ်။ အဲဒါလေးတော့ ပြင်ဆင်ဖို့ လိုပါတယ်။ ပြီးတော့ အရင်းအမြစ် အားနည်းမှုပါ။ ကမ္ဘာ့လူသားအားလုံးကို ညီမျှသွားအောင် အင်တာနက်က လုပ်ပေးတဲ့အတွက် လူငယ်တွေအနေနဲ့ Web Base Learning ပေါ့။ Web Site ကို အခြေပြုတဲ့ သင်ကြားရေးကို လုပ်ဆောင်ဖို့ လိုပါတယ်” လို့လည်းအကြံပြုစကားပြောကြားခဲ့ပါတယ်။
   
             လင်းသိုက်ညွန့်က ဘ၀အတွက် အဓိကအနေနဲ့ သင်ယူမှုကို လုံးဝမရမ်တန့်ဘဲ အသက်ရှူနေသမျှ ကာလပတ်လုံး သင်ယူနေမယ်လို့ဆိုပါတယ်။ ဆိုက်ကားသမားကအစ သမ္မတကြီး အဆုံးအားလုံးဟာ အချိန်ပြည့် သင်ယူနေရမှာ ဖြစ်ပြီး သင်ယူမှုကို မရပ်နားတဲ့သူဟာ ယုံကြည်မှု မပျက်ဘူးလို့လည်း ပြောခဲ့ပါတယ်။ လင်းသိုက်ညွန့်ကို ယနေ့လူငယ်တွေအနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို မေးကြည့်တဲ့အခါ အသက်ကန့်သတ်ချက်လို့ဖြေပါတယ်။ “လူငယ်တွေကို သီချင်းထဲမှာ၊ စာအုပ်ထဲမှာ နေရာပေးပါတယ်။ ပြင်ပမှာ နေရာမပေးပါဘူး။ အမေရိကန်လို နေရာမျိုးမှာ ၁၈ နှစ်သားလူငယ်တစ်ယောက်ဟာ မြို့တော်ဝန်ဖြစ်ပါတယ်။ ဒီမှာတော့ အစိုးရအဖွဲ့အစည်း စတာတွေမှာ EC ဟုခေါ်သော နေရာတွေမှာ လူငယ်တစ်ယောက်မှ မပါပါဘူး။ လူငယ်မပြောနဲ့ လူလတ်တောင်မပါဘူး။ အမေရိကန်စာရေးဆရာ အဖွဲ့အစည်းတစ်ခုမှာ အသက်၂၆ နှစ်၊ ၂၈ နှစ် အရွယ်လူငယ်စာရေးဆရာတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ အထူးသဖြင့်တော့ လူငယ်တိုင်းတော့ မဟုတ်ပေမဲ့ ထူးချွန်တဲ့လူငယ်များကိုတော့ နေရာပေးသင့်ပါတယ်” လို့လည်း လက်ရှိ အခက်အခဲကို ပြောပြ ခဲ့ပါတယ်။
 
              MHR Management Institute, Regent Business Academy မှာ Lecturer သင်တန်းနည်းပြ၊ NCC, ABE Courses ရဲ့အတိုင်ပင်ခံသင်တန်း နည်းပြအဖြစ် သင်တန်းများ၊ ကုမ္ပဏီးများ၊ မီဒီယာလုပ်ငန်းများမှာ Corporate Training များပို့ချပေးလျက်ရှိတဲ့ သင်တန်းဆရာတစ်ဦးလည်းဖြစ်နေတဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ကို ယနေ့မြန်မာလူငယ်တွေ အပေါ် အမြင်ကိုလည်းမေးကြည့်ခဲ့ပါတယ်။ လင်းသိုက်ညွန့်က “မြန်မာလူငယ်တွေက Talents အရမ်းကောင်းပါတယ်။ ပညာသင်ဖို့ အရမ်း တက်ကြွ ကြတယ်။ ပြည်ပနိုင်ငံတကာအထိ ထိုးဖောက်သွားချင်ကြပါတယ်။ အထူးသဖြင့် အစိုးရကို အဆိုးမြင်တယ်။ လူငယ်ဆိုတာကတော့ ပတ်ဝန်းကျင်က Shade လုပ်လိုက်တာ။ အဆိုးမြင်အောင်လည်း ပတ်ဝန်းကျင်က အမျိုးစုံ ပုံသွင်းထားတယ်။ လူငယ်တွေ အစိုးရကို အဆိုးမြင်ဖို့ထက် ဥပမာ ဒီဘက်ခေတ်မှာ ဆန္ဒဖော် ထုတ်တာ သိပ်ခေတ်စားတယ်။ ကျွန်တော်က အထဲမှာ ရေးတယ်။ ဆန္ဒဆိုတာ ဖော်ထုတ်ပြီးရင် ဆန္ဒကို ဖော်ထုတ် နိုင်ရမယ်။ အဲဒီဆန္ဒကို ဖန်တီးနိုင်ဖို့ကိုလည်း ကြိုးစားနိုင်ရမယ်။ ဒီတော့ အစိုးရကို ဆန္ဒဖော်ပြီးရင် အစိုးရက ဆန္ဒဖန်တီးပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ အဲဒီလိုမဟုတ်ဘဲ အစိုးရလုပ်သမျှ ထိုင်ပြီး အပြစ်တင်နေမယ်ဆိုရင် အဆင်မပြေဘူး။ အခု စာနယ်ဇင်းတွေနဲ့ ဖြစ်နေတဲ့ ကိစ္စပေါ့။ စာနယ်ဇင်းဆိုတာ အစိုးရကို ပြည်သူကချစ်အောင်လုပ်တာ။ အစိုးရကို ပြည်သူကမုန်းအောင် လုပ်တာမဟုတ်ဘူးဆိုတာကိုလည်း သိစေချင်တယ်။ လက်ရှိမြန်မာလူငယ်တွေ နိုင်ငံခြားအများဆုံးရောက်နေတာဟာ လက်ရှိလူ့အဖွဲ့အစည်းကို အဆိုးမြင်တယ်။ အစိုးရအဖွဲ့ကို အယုံအကြည်မရှိဘူး။ ဒါကြောင့် သူတို့အရည်အချင်းနဲ့ နိုင်ငံခြား ကို ထွက်လုပ်တယ်။ ကျွန်တော်တို့ မြန်မာလူငယ်တွေ အရမ်းတော်ပါတယ်။ ဒါပေမဲ့ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ချစ်ပါ။ အပြုသဘောဆောင်ပါ။ ပူးပေါင်းဆောင်ရွက်ပါ။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံသည် ကာလတို အတွင်းမှာ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတစ်ခုကို ပြန်ရောက်လာ နိုင်မယ်လို့ ယူဆပါတယ်” လို့ ဖြေခဲ့ပါတယ်။ 
 
               “We Cannot Make the Perfect Man” နဲ့ “We Can Make the Perfect Team” ဆိုတဲ့ စကားကိုလည်းသူ ကဆိုပါတယ်။ ပြည့်စုံတဲ့ လူတစ်ယောက်ကို မဖန်တီးနိုင်ပေမဲ့ ပြည့်စုံတဲ့လူ့ အဖွဲ့အစည်း အသင်းအဖွဲ့ကို ပြုလုပ်နိုင်တာကြောင့် ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတွေ ဖန်တီးနိုင်အောင် ကြိုးစားပါဆိုတဲ့ စကားနဲ့ လင်းသိုက်ညွန့် (မြန်မာ့မြေ) နဲ့ စကားပြောခြင်းကို ရပ်နားဖြစ်ခဲ့ပါတယ်။ လက်ရှိ လင်းသိုက်ညွန့် (မြန်မာ့မြေ) က လုံးချင်း ၀တ္ထု ၄ အုပ်၊ ဆောင်းပါးပေါင်းချုပ် ၇ အုပ်၊ ၀တ္ထုပုဒ်ရေ ၃၀ ကျော် ရေးသားထားသူ ဖြစ်ပြီး ဂျာနယ်၊ မဂ္ဂဇင်းများမှာ အပတ်စဉ်၊ လစဉ်ရေးသားထားတဲ့ ဆောင်းပါးပုဒ်ရေ ၆၀၀ ကျော်ရေးခဲ့တဲ့ လူငယ်စာရေး ဆရာတစ်ဦး ဖြစ်တာကြောင့် အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်သူ တစ်ဦးအဖြစ် teen ရဲ့ သန်သူစွမ်းသူ ကဏ္ဍကနေ တင်ပြလိုက်တာ ဖြစ်ပါတယ်။