အပြစ်တင်တတ်တဲ့ အလေးအကျင့်တွေ ဖျောက်စေချင်သူ လင်းသိုက်ညွန့် (မြန်မာ့မြေ)

တိုးတတ်ပြောင်းလဲမှုတွေ အရှိန်အဟုန်ပြင်းပြင်း မြင့်တတ်လာတဲ့အချိန်မှာ လူတိုင်းကလည်း မိမိရဲ့ အိမ်မက်ပန်းတိုင်ကိုရောက်ရှိဖို့ မရပ်မနား ကြိုးစားနေကြတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ကသူရဲ့ ၂၀၁၃ခုနှစ် အတွေးအမြင်တွေနဲ့အတူ လူငယ်တွေရဲ့ အရေးပါလှတဲ့ ကဏ္ဍလေးတွေကို ပြောပြခဲ့ပါသေးတယ်။ စာဖတ်ပရိတ်သတ်တွေလည်း ကိုယ်ပိုင်အရည်အချင်း အစွမ်းအစတွေကို ထုတ်ဖော်ပြသဖို့ အချိန်တန်နေပြီမို့ အခုချိန်ကစပြီး ကိုယ်ရောက်ရှိနေတဲ့ နေရာမှန်ကို ဝေဖန်ဆန်းစစ်လိုက်ကြရအောင်…..။

ဆရာ့အနေနဲ့ ၂၀၁၃ခုနှစ်မှာ ဘာတွေပြောင်းလဲလာနိုင်မယ်လို့ ထင်ပါသလဲ။ 

အခုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်အဟုန်က အရမ်းမြန်လာတယ်။ ကျွန်တော်တို့လို လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကလည်း အများကြီး အရေးပါလာတယ်။ အခုလက်ရှိလူငယ်တွေ ဦးဆောင်နေနိုင်တာက Entertainment Industry Only ပဲ ရှိသေးတယ်လေ။ ဒါကနိုင်ငံရေး Future Knowledge Development အတွက် အရမ်းအန္တာရယ်ရှိတဲ့ အခြေအနေလိုဖြစ်နေတယ်။ Business Cycle မှာလည်း တကယ့်လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဆိုတာက မရှိသလောက်ရှားနေသေးတယ်။ ဒါပေမဲ့ လက်ရှိချမ်းသာနေတဲ့လူတော်တော်များများမှာအောက်ခြေအဆင့်ကနေ ကိုယ့်အစွမ်းအစနဲ့ကိုယ်ကြိုးစားခဲ့ကြရတဲ့လူတွေရှိတယ်ဆိုတာကိုလည်းလက်ခံပါတယ်။ လက်ရှိလူငယ်တွေမှာတော့ Background ရှိမှဖြစ်မယ်ဆိုတဲ့ စိတ်တွေဖြစ်ကုန်ပြီ။ နိုင်ငံရေးနယ်ပယ်မှာဆိုလည်း လူငယ်ခေါင်းဆောင်တွေဆိုတာကလိုအပ်တယ်လို့လည်းထင်တယ်လေ။ ကျွန်တော်ကတော့ လူငယ်တွေ အားလုံး ၂၀၁၃မှာ နိုင်ငံရဲ့ လိုအပ်နေတဲ့ နယ်ပယ်အသီးအသီးကို ရောက်လာဖို့ မျှော်လင့်ပါတယ်။ ပြောင်းလဲမှုတွေဆိုရင်လည်း စီးပွားရေးပြောင်းလဲမှုဆိုရင် ၂၀၁၃မှာ SEA Games ရှိတဲ့အတွက် တိုးတတ်လာနိုင်တယ်။ နိုင်ငံရေးမှာတော့ ၂၀၁၄ဆိုရင် ကျွန်တော်တို့နိုင်ငံကAsia President ဖြစ်နိုင်တယ်။ သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းမှုတွေကြောင့် နိုင်ငံခြားကုမ္ပဏီတွေကလည်းလာဖို့ရှိတော့ မြန်မာနိုင်ငံက လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပွင့်လာနိုင်တယ်လို့ မြင်တယ်။ အထူးသဖြင့်တော့ ကောင်းတဲ့ဘက်ကိုပြောင်းလာလိမ့်မယ်လိုလည်း ယုံကြည်ပါတယ်။

ဆရာ့အနေနဲ့ရော ၂၀၁၃မှာ လူငယ်တွေအတွက် ဘယ်လိုအပြောင်းအလဲလေးတွေဖြစ်ဖို့ မျှော်လင့်ပါလဲ။

ကျွန်တော် မျှော်လင့်တာက လူငယ်တွေ ဒီထက်ပိုပြီးတိုးတတ်ဖို့မျှော်လင့်တယ်။ ဒီလိုတိုးတတ်လာတာနဲ့အမျှ  အတွေးအခေါ်တွေရင့်ကျလာပြီး လူငယ်တွေကိုနေရာပေးလာဖို့လည်း မျှော်လင့်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် လူငယ်တွေက Leading Role မှာရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၃ မှာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ လူငယ်တွေရောက်နေကြဖို့လည်း မျှော်လင့်ပါတယ်။

တိုးတတ်ဖို့ကို မကြိုးစားဘဲနဲ့ ဘ၀မှာ ပေါ့ပေါ့ပါးပါး ဖြစ်နေကြတဲ့ အချို့လူငယ်တွေကိုရော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

တစ်အချက်ကတော့ ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်ဆို ခေတ်စနစ်ရဲ့ ထိန်းကျောင်းမှုလိုတာပေါ့နော်။ တစ်ခါတလေမှာ ကိုယ်ကြိုးစားသလောက်အရာမထင်တဲ့အခါ ဘ၀ကို ဖြစ်သလို ရေစုန်မျောပစ်လိုက်တာတွေ ရှိတယ်။ တချို့က ဘစမှာမကြိုးစားဘဲနဲ့ လိုတာရနေလို့ ပေါ့ပေါ့ပါးပါးဖြစ်နေတာတွေလည်း ရှိတယ်။ ဒီလိုလူမျိုးကိုတော့ သူတို့ရဲ့ဘ၀လေးတွေလမ်းကြောင်းမှန်နေအောင် ဘေးကနေ တည့်ပေးဖို့လိုအပ်တယ်။ ဒုတိယတစ်မျိုးက ဘ၀မှာ အရမ်းကြိုးစားပေမယ့် ကြိုးစားသလောက် အရာမထင်တော့ လောကကြီးကို အဆိုတွေပဲ မြင်လာတယ်။ ပြီးတော့ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး ရေစုန်မျောလိုက်လာတွေလည်း ရှိသလိုမူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်တွေလည်း ရှိနေတယ်။ ဒီလိုလူငယ်တွေကို ခေတ်စနစ်က ပြန်ပြီးထိန်းကျောင်းပေးဖို့၊ နောင်မှာလည်း ဒီလိုလူငယ်တွေ ထပ်မဖြစ်အောင် ပညာပေးဖို့လိုတယ်။ အဓိကကတော့ လူကြီးနဲ့လူငယ်ကြားမှာ နားလည်မှုတစ်ခုရှိဖို့ အရေးကြီးပါတယ်။ လူကြီးနဲ့လူငယ် အပြန်အလှန်နားလည်မှုတွေနဲ့ ဆွေးနွေးနိုင်ကြမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ လူကြီးတွေကိုလည်း လူငယ်တွေနဲ့အပြိုင် Learn လုပ်ပေးစေချင်တယ်။ ဒါမှလည်း လူငယ်တွေကို နားလည်နိုင်မှာလေ။ အခု ကျွန်တော်တို့ခေတ်မှာ ဖြစ်နေတာတွေက ပြောင်းပြန်တွေဗျ။ အခု လူငယ်တော်တော်များများက လူကြီးတွေကို နားလည်ပေးနေရတာတွေ ရှိတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်မှာ လူငယ်တွေကို လူကြီးတွေက `မင်းတို့ ညံ့လိုက်တာလို့’ အပြစ်တင်တာတွေ အမြဲလိုလို ကြားနေရတယ်။ ကျွန်တော်တို့ တစ်ချိန်လူကြီးဖြစ်လာတဲ့အခါမှာလည်း လူငယ်တွေကို `မင်းတို့ ညံ့လိုက်တာ’ လို့မပြောရအောင် ဘယ်လိုကြိုးစားရမလဲဆိုတာ ပြောပြပေးစေချင်တယ်။

လူငယ်တွေက ကြိုးစားတဲ့အခါမှာ ကိုယ့်ရဲ့ရည်မှန်းချက် မအောင်မြင်တော့ လမ်းတစ်ဝက်မှာတင် ဆက်မကြိုးစားတော့ဘဲ ရပ်ပစ်လိုက်တွေ ရှိတယ်လေ။ ဒီလိုလူငယ်တွေကိုရော ဘာများပြောချင်ပါသလဲ။

အခုဆိုရင် ရပ်ပစ်လိုက်ရတဲ့ လူငယ်တွေကိုမပြောနဲ့ ဆက်တိုက်မရပ်ဘဲ ကြိုးစားနေတဲ့လူတွေတောင် မနည်းရုန်းကန်နေရတော့ရပ်ပစ်လိုက်လို့ မဖြစ်ဘူးဗျ။ စဉ်ဆက်မပြတ် ကြိုးစားပေနေဖို့အရေးကြီးတယ်။ ဒီတော့ ကျွန်တော်တို့လူငယ်တွေလည်းအမြဲတမ်း ကြိုးစားနေမယ်ဆိုမှ အဆင်ပြေသွားမည်။ ကိုယ်ကြိုးစားပေမယ့် မအောင်မြင်သေးဘူးဆိုတာက အခွင့်အရေး မရသေးတာလည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒီတော့ ကိုယ်ကစိတ်ညစ်ပြီး ရပ်လိုက်တဲ့အချိန်မှာ အခွင့်အရေးက လာနေရင် ဒါကိုယ့်အတွက်ဆုံးရှုံးမှုပဲလေ။ တစ်ခါတလေမှာ လောကကြီးက ကိုယ်ပေးလိုက်တဲ့ အရာတစ်ခုကို ချက်ချင်းပြန်မရတာတွေရှိတယ်။ ဒါပေမယ့်လုံးဝပြန်မရနိုင်တော့ဘူးဆိုတာမျိုးတော့ မရှိပါဘူး။ ဒါကြောင့်အမြဲကြိုးစားနေပြီး တစ်ချိန်ကိုယ်ပြန်ရတဲ့အခါမှာ အတိုးရောအရင်းပါပေါင်းပြီးတော့လည်း ရနိုင်တာပဲ။ ဒါကြောင့် လူငယ်တွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်ပါတယ်။

အခု လူငယ်တွေထဲမှာ ဘ၀ကို Plan ဆွဲပြီး ကြိုးစားကြသူတွေရှိသလို Plan မရှိဘဲနဲ့ ခြေဦးတည့်ရာ လုပ်နေကြတဲ့ လူငယ်တွေလည်း ရှိတယ်လေ။ အဲဒီလိုလူငယ်တွေအပေါ်မှာ ဆရာ့ရဲ့အမြင်လေး ပြောပြပေးပါဦး။

ကျွန်တော်တို့ Management ဘက်မှာတော့ Free to plan is plan to free လို့ပြောတယ်။ `စီမံကိန်းဆွဲရင် ပျက်ကွက်ခြင်းက ကျရှုံးမှုအတွက်စီမံကိန်းဆွဲနေခြင်းပဲတဲ့’ ဒါ Management ရဲ့လက်သုံးပဲ။ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ Plan ဆွဲတဲ့အကျင့်က သိပ်ပြီးမရှိဘူးလေ။ Europe ကလူတွေက အမြဲ Plan နဲ့လုပ်တဲ့ အလေ့အကျင့်တစ်ခုရှိတယ်။ နှစ်စပြီးဆိုတာနဲ့ ငါဒီနှစ်ဘာလုပ်ရမလဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေက မနက်ဖြန်မှာ ငါဘာလုပ်ရမလဲဆိုပြီးတော့တောင်သေချာမသိတဲ့လူတွေရှိတယ်။ ဒါက အလေ့အကျင့် တစ်ခုလိုဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံက ဖွံဖြိုးသင့်သလောက် မဖွံဖြိုးဘူး။ ဒါကြောင့် Plan ဆိုတာကတော့ လူတိုင်းမှာရှိသင့်တယ်။ လူတစ်ယောက်ချင်စီမှာသာ ကိုယ်ပိုင် Plan ရှိမယ်ဆိုရင် အဲဒီကိုယ်ပိုင် Plan လေးတွေ စုစည်းပြီးတော့ နိုင်ငံတစ်နိုင်ငံရဲ့ Plan ဆိုတာ ဖြစ်လာနိုင်တယ်။ မြန်မာတွေ အများကြီးအောင်မြင်မှ မြန်မာနိုင်ငံကြီး အောင်မြင်လာမှာ ဖြစ်တဲ့အတွက် အားလုံးကို ကြိုးစားစေချင်ပါတယ်။ Plan ကို ဆွဲတဲ့အခါမှာလည်း ကိုယ်နဲ့အဆင်ပြေပြီးတစ်သမတ်တည်းသွားတဲ့ Fit ပုံစံမျိုးဖြစ်ဖို့ လိုတယ်။ ဥပမာ- ကိုယ်ကအဆိုတော်ဖြစ်ချင်ပေမယ့် အသံကလုံးဝမကောင်းဘူးဆိုရင် ငါအဆိုတော်ကြီးဖြစ်မှရမယ်လို့ Plan ဆွဲလို့တော့ မဖြစ်ဘူးလေ။ ဒါပေမယ့် ကိုယ်က Music ကိုအရမ်းချစ်တယ်ဆိုရင် ငါ အဆိုတော် မဖြစ်နိုင်ပေမယ့် တေးရေးတော့ဖြစ်နိုင်ပါသေးတယ်ဆိုပြီး ငါတစ်နေ့ တေးရေးတစ်ယောက် ဖြစ်ရမယ်ဆိုပြီးကိုယ်နဲ့ကိုက်ညီတာကို စဉ်းစားတတ်ရမှာပေါ့။ ဒါဆိုရင်တော့ လူတိုင်းအတိုင်းအတာတစ်ခုအထိတော့ အောင်မြင်လာမယ်လို့ ထင်ပါတယ်။

အဖွဲ့အစည်းနဲ့ လှုပ်ရှားသွားလာနေရတဲ့ လူတွေထဲမှာမှ တချို့ဆိုရင် အချိန်ကိုမလေးစားတတ်တာကို တွေ့ရတယ်။ တက်ာလို့ ဆရာသာ အဲဒီအဖွဲ့အစည်းထဲက လူတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်။ ဒီလိုအချိန်ကို မလေးစားတတ်တဲ့လူတွေကို ဘယ်လိုပြောချင်ပါသလဲ။

ကျွန်တော့်အတွက်တော့ ဒါကဖြေရခက်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင် တစ်ခါတလေ အချိန်ကို မလေးစားမိသလို ဖြစ်သွားခဲ့တာတွေ ရှိတယ်။ ကျွန်တော်ရဲ့ အားနည်းချက်ကလည်း အဲဒါပဲ။ ကျွန်တော်သင်တန်းပြတဲ့အချိန်ဆိုရင် အမြဲနာရီဝက်လောက် နောက်ကျပြီးမှ ရောက်တတ်တယ်။ ကျွန်တော်ရဲ့ အတန်းသားတွေကလည်း ကျွန်တော့်မှာ ဒီလိုအကျင့်ရှိတယ်ဆိုတာ သိနေကြပါပြီ။ ဒါပေမဲ့ ကျွန်တော်က အများနဲ့ဆိုင်တဲ့ အချိန်တွေကိုတော့ တတ်နိုင်သလောက် လေးစားပါတယ်။ ကိုယ့်ကြောင့် သူများထိခိုက်နိုင်လောက်တဲ့ အချိန်တွေကိုတော့ ကျွန်တော်တတ်နိုင်သလောက်သတိထားတယ်။ ကျွန်တော်တို့ အာဆီယံမှာလည်း အနောက်နိုင်ငံတွေလို (၁၅) မိနစ်၊ (၁၀) မိနစ်လောက် နောက်ကျတာနဲ့ ဆူပူအော်ဟစ်ခံရတယ်ဆိုတာမျိုးက ရှားပါတယ်။ နောက်ကျတတ်တယ်ဆိုတာကလည်း ကိုယ့်ကြောင့်သူများကို ထိခိုက်စေနိုင်လောက်တဲ့အထိဆိုရင်တော့ မကောင်းဘူးပေါ့နော်။ ကျွန်တော်ကိုယ်တိုင်ကလည်း အချိန်နဲ့ပတ်သက်ပြီး နည်းနည်းနောက်ကျတတ်တဲ့လူဆိုတော့ ဒီမေးခွန်းကိုဖြေရတာ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးလိပ်ပြာမလုံလို့ ဒီလောက်ပဲဖြေပါရစေ။

တချို့လူတွေက ခေါင်းဆောင်ဆိုတဲ့နေရာကို ယူထားကြပြီးတော့ ကိုယ်ကလည်း ဒီအလုပ်ကို ဆက်ပြီးမလုပ်နိုင်ဘူး။ ဒါပေမဲ့ တခြားလုပ်နိုင်မယ့် လူတွေကိုလည်း လွှဲမပေးကြတာတွေ ရှိတယ်ဆိုတော့ ဒီလိုဖြစ်ရပ်တွေအပေါ်မှာ ဆရာ့ရဲ့ အမြင်ကရော….။

ဒါကလည်း ကျွန်တော်တို့ရဲ့ Asia Culture တစ်ခုလိုဖြစ်နေတယ်ဗျ။ အနောက်နိုင်ငံမှာတော့ လူတွေက ကိုယ့်ထက် အဖွဲ့အစည်းကို ပိုချစ်ကြတယ်။ ကျွန်တော်တို့ဆီမှာကတော့ ကိုယ့်ဆီမှာရထားတဲ့ အရာတစ်ခုကိုလက်မလွှတ်ဘဲ ဆုပ်ကိုင်းထားတတ်တာက အကျင့်တစ်ခုလိုဖြစ်နေတာ။ ၁၉၆၀ ပြည့်နှစ်လောက်တုန်းကဆိုရင် Asia မှာ ကျွန်တော်တို့မြန်မာက နံပါတ် (၁)နိုင်ငံပဲ။ အဲဒီတုန်းက National ဓာတ်ခဲတို့ဘာတို့ဆိုရင်လည်းတကယ့်ကို အရည်အသွေးကောင်းတဲ့ Made in Myanmar ပစ္စည်းတွေပဲလေ။ ဒါပေမယ့် အခု ကျွန်တော်တို့ အဲဒီတုန်းကလောက် ဘာလို့မတိုးတတ်နိုင်တာလဲဆိုတော့ ကျွန်တော်တို့က မိမိရဲ့အဖွဲ့အစည်းထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီးချစ်ခဲ့ကြလို့ပေါ့။ ဒါပေမဲ့ အဖွဲ့အစည်းကို ချစ်တတ်လာတဲ့အခါမှာတော့ ဒီပြဿနာတွေက ပြေလည်သွားမှာပါ။ ဒါကတော့ ကျွန်တော်ဘက်က အမြင်ပေါ့လေ။

လူ့အဖွဲ့အစည်းတွေထဲမှာ အရမ်းတော်တဲ့ ခေါင်းဆောင်က ဦးဆောင်လမ်းပြ လုပ်ပေးနေပေမယ့် တချို့လက်အောက်ငယ်သားတွေက သူ့ကိုအကူအညီမပေးဘဲ သူရဲ့ပြစ်ချက်ကိုချည်းပဲ ရှာပြောနေတာမျိုးတွေ ရှိတဲ့အပေါ်မှာ ဆရာ့ရဲ့အမြင်လေး ပြောပြပေးပါ။

ဒါကလည်း ကျွန်တော်တို့နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေထဲက တစ်ခုပါပဲ။ ခေတ်အဆက်ဆက် ဝေဖန်အပြစ်တင်တဲ့ အလေ့အထတွေပေါ့။ ခေါင်းဆောင်က အရည်အချင်းရှိပြီး လက်အောက်ငယ်သားတွေ မပံ့ပိုးတဲ့ဖြစ်စဉ်မှာ လက်အောက်ငယ်သားကို အပြစ်တင်လို့လည်း မရပြန်ဘူး။ တကယ့်ခေါင်းဆောင်ကောင်း ဆိုတာက လက်အောက်ငယ်သားတွေကို ဆွဲဆောင်နိုင်ပြီး တစ်သားတည်း ကျတဲ့သူ ဖြစ်ရမယ်။ လွှမ်းမိုးမှု Personal  Power ရှိရမယ်။ Power ဆိုတာမှာလည်း Positional Power ဆိုတာကရာထူးတစ်ခုကို ရလိုက်ပြီဆိုတာနဲ့ သူ့နောက်က ကပ်ပြီးပါလာတဲ့ အရှိန်အ၀ါပေါ့နော်။ ဒါပေမယ့် Personal Power မကောင်းဘူးဆိုရင်တော့ သူကကောင်မွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီ Power နှစ်ခုလုံးမျှပြီး ပိုင်ဆိုင်နိုင်ဖို့လိုအပ်တယ်။ စကားတစ်ခွန်းရှိပါတယ် ‘စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ ဘယ်တော့မှနောက်လိုက်တွေကို မွေးမထုတ်ဘူး၊ ခေါင်းဆောင်ကောင်းတွေကိုသာ မွေးထုတ်ပါ’ တဲ့။ အခု ကျွန်တော်တို့ရဲ့ သမ္မတကြီးဆိုရင် Personal Power ရှိတာကိုတွေ့ရတယ်။ Positional Power ကတော့ အစကတည်းက ရှိပြီးသားဆိုတော့ အဲဒါတွေကိုပေါင်းပြီး ကျွန်တော်တို့နိုင်ငံ တိုးတတ်ရေးကိုကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ ဒီလိုအောင်မြင်ရေးစာပေတွေ ရေးဖြစ်တဲ့အကြောင်းလေးကိုလည်း မေးချင်ပါတယ်။

ကျွန်တော် အရင်က ရသစာပေတွေ ရေးပါတယ်။ (၅)အုပ်၊ (၆)အုပ်လောက် ထွက်ခဲ့ဖူးတယ်။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ရဲ့ ရသစာပေတွေကို လူတွေက ထင်သလောက် အားမပေးခဲ့ဘူး။ ‘မြန်မာတွေ အောင်မြင်စေဖို့’ မထွက်ခင် `တို့မြန်မာတွေ အာရှကျားဖြစ်စေဖို့’ ဆိုတဲ့ စာအုပ်ထွက်တယ်။ `မြန်မာတွေ အောင်မြင်စေဖို့’ စာအုပ်ထွက်တုန်းက အရမ်းကြီးကြော်ငြာခဲ့ရတာတွေလည်း မရှိဘဲနဲ့ Best Seller စာရင်းဝင်သွားခဲ့တယ်။ အခုထိလည်း အဲဒီစာအုပ်က ပြန်ပြန်ရိုက်ပြီး ရောင်းနေရတုန်းပဲ။ ဒီစာအုပ်လေးက ကျွန်တော်ဘ၀အတွက် မှတ်တိုင်လည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်စဉ်းစားခဲ့တာက ငါတို့နိုင်ငံမှာ ရသစာပေရေးတဲ့ လူငယ်စာရေးဆရာတွေ များတယ်ဆိုတော့ အောင်မြင်ရေးပဲရေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ကျွန်တော် အဲဒီအချိန်ကစပြီး အောင်မြင်ရေးစာအုပ် တွေရေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့တာပါ။

လင်းသိုက်ညွန့် (မြန်မာမြေ) ဆိုပြီး နာမည်ပေးဖြစ်ပုံလေးရော….။

လင်းသိုက်ညွန့်က ကျွန်တော်ရဲ့ နာမည်အရင်းပါ။ (မြန်မာ့မြေ) ဆိုတာကတော့ စာရေးဆရာတွေ တော်တော်များများက ကိုယ့်ရဲ့မွေးရပ်မြေကိုနောက်မှာ ဂုဏ်ပြုတဲ့သဘောနဲ့ အဲဒီလိုထည့်တတ်ကြတယ်လေ။ ကျွန်တော်ကလည်း မြန်မာနိုင်ငံကြီးကို ချစ်တဲ့အတွက် အဲဒီလိုထည့်ဖြစ်ခဲ့တာပါ။ နိုင်ငံတကာမှာတော့ ကလောင်ရဲ့ အနောက်မှာ အဲဒီလိုထည့်တာတွေ မရှိဘူးဗျ။ နိုင်ငံတကာကိုသွားချင်တဲ့ လူငယ်စာရေးဆရာတွေကိုတော့ နာမည်ရဲ့နောက်မှာ အဲလိုကွင်းကြီးတွေနဲ့ မထည့်စေချင်တော့ဘူး။ သူများနိုင်ငံတွေမှာက ဒီလိုမရှိတဲ့အတွက် ဆွေးနွေးပွဲတတ်လို့ နာမည်ခေါ်တဲ့အခါမှာသူတို့အနေနဲ့ တော်တော်ခက်တယ်ဗျ။

ဆရာ့ရဲ့ဟောပြောပွဲတွေမှာ ဆရာအမြဲပြောဖြစ်တဲ့ လက်သုံးစကားက ဘာများဖြစ်မလဲ။

ကျွန်တော် အမြဲပြောဖြစ်တာကတော့ See you at the top ပဲ။ ဒါကျွန်တော်ရဲ့ ကိုယ်ပိုင်စကား မဟုတ်ဘူးပေါ့နော်။ အဓိက ကျွန်တော်ပြောဖြစ်တာကတော့ ခေတ်ကို အဆိုးမမြင်ဖို့ရယ်၊ အပြစ်တင်တတ်တဲ့အလေ့အထတွေကို ပြောင်းလဲပစ်ဖို့ပေါ့။ ကျွန်တော်တို့ကလည်း ဒီခေတ်ကြီးထဲမှာ ရှင်သန်နေရတဲ့အတွက် ခေတ်ကို မကောင်းဘူးလို့ပြောတာ မိမိကိုယ်ကို မကောင်းဘူးလို့ ပြောတာနဲ့ အတူတူပဲလေ။ ခေတ်ကြီးကိုပြင်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ပြင်ရမယ်ဆိုတဲ့ Message ကိုဘယ်ပွဲ မဆိုပေး ဖြစ်ပါတယ်။

ဆရာ့ဘ၀မှာ လက်ခံကျင့်သုံးနေတဲ့ ဆောင်ပုဒ်က ဘာများဖြစ်မလဲ။

 အဲဒီလိုတစ်သမတ်တည်းတော့ မရှိပါဘူး။ အားလုံးက ထိပ်ဆုံးမှာတွေ့ကြမယ်ဆိုတဲ့ ခံယူချက်တော့ ရှိပါတယ်။ လောလောဆယ် သဘောကျနေတဲ့စကားကတော့ သမ္မတ Mr.Obama ပြောတဲ့ Move Forward ရှေ့ကိုဆက်သွားဖို့လိုတယ်။ ရှေ့ကိုသွားဖို့အရေးမှာလည်းဖြစ်ခဲ့တဲ့နောက်က အာဃာတတွေကိုမေ့ပစ်ပြီး Move Forward ရှေ့ကိုပဲကြည့်ပြီး ဆက်လျှောက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ ရောက်သင့်ရောက်ထိုက်တဲ့ နေရာတစ်ခုကို ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆရာ့ ဒီကဏ္ဍကနေ လူငယ်တွေကို ဘာများပြောချင်ပါသေးလဲ။

အခုခေတ်ဟာ ကျွန်တော်တို့အတွက် သမိုင်းရဲ့ လမ်းဆုံလမ်းခွကိုရောက်နေပါတယ်။ သမိုင်းက ကျွန်တော်တို့ရဲ့ပခုံးပေါ်ကို တာဝန်တွေ တင်ပေးလိုက်တာတွေ ရှိတယ်။ အဲဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းရွက်ဖို့လိုပါတယ်။ လူငယ်တွေကလည်း တာဝန်တွေကို ဒါလူကြီးတွေရဲ့အလုပ်ငါတို့မဆိုင်ဘူးဆိုတဲ့ စိတ်လေးတွေ လျှော့ဖို့လိုပါတယ်။ ဥပမာ- ဗိုလ်ချုပ်အောင်ဆန်းဆိုရင် အသက် (၂၁)မှာပဲ နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာတယ်။ အဲဒီအချိန်မှာသာ ဗိုလ်ချုပ်က တက္ကသိုလ်မှာ သူလိုငါလိုပဲစလိုက်နောက်လိုက် နေခဲ့မယ်ဆိုရင်လည်း ရတာပဲလေ။ ဒါပေမဲ့ သူဟာလူငယ်တစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့တာဝန်ကိုတော့ ကျေပွန်အောင်ထမ်းရွက်ခဲ့တယ်။ အခုခေတ် ကျွန်တော်တို့အလှည့်မှာလည်း မြန်မာနိုင်ငံကြီးတွေအနေနဲ့လည်း စာပေလမ်းကြောင်းကိုဖောက်ပေးဖို့ မျှော်လင့်ပါတယ်။ လူငယ်တွေကိုလည်း ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျ။