မြန်မာ့မြေပေါ်မှ ကြယ်တစ်ပွင့် လင်းသိုက်ညွန့်ရဲ့ အောင်မြင်ရေးအလင်းတန်းများ အယ်ဒီတာချုပ်တွေ့ဆုံမေးမြန်းသည်

မြန်မာ့မြေ (Myanmar’s Land) ဆိုတာဆရာရဲ့ ဂုဏ်နာမတစ်ခုပါပဲ။ ကိုယ့်ရေကိုယ်မြေကို ဂုဏ်ယူ ၀င့်ကြွားတဲ့သဘောနဲ့ မှည့်ခေါ်ထားတယ်လို့ပဲ ယူဆမိပါသည်။ ‘ဒီမြန်မာ့မြေ’ ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ မွေးဖွားပေးလိုက်သူကတော့ ကြယ်တစ်ပွင့်လို လင်းလက်တောက်ပလောက်တဲ့ ဆရာလင်းသိုက်ညွန့်ပါ။ စာပေဂုဏ်ကြောင့်သာ ဆရာလို့ ခေါ်လိုက်ရပေမယ့် အသက်အရွယ်ကတော့ ငယ်ရွယ်နုနယ်ပျိုမြစ်တဲ့ လူငယ်လေးတစ်ယောက်ပါပဲ့။ ဆရာဟာ သူ့ရဲ့ အသိပညာ အလင်းတန်းတွေနဲ့ မြန်မာ့မြေကို ဖြန့်ကျက်လင်းလက်စေခဲ့တာကြောင့် ဆရာ့ရဲ့ဂုဏ်သတင်းဟာ ထုံသင်း မွှေးပျံ့လို့ရပါတယ်။ သင်တန်းတစ်ဖက်၊ အင်တာဗျူးတစ်ဖက်၊ ဒီကြားထဲ စာမူတောင်းသူတွေကလည်း အများသားဆိုတော့ ဆရာ့နဲ့တွေ့ဆုံဖို့အရေး မနည်းကို ကြိုးစားခဲ့ရပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် မားလပ်တဲ့ကြားထဲက ဆရာ့ရဲ့အတွေးနဲ့ ဆရာ့စကားကို အလင်းတန်းများလိုပဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ပဲ့ မျှဝေခွင့်ရလိုက်ပါပြီ။ ကဲ ဆရာရေ၊ မအားလပ်တဲ့ကြားကပဲ ကျွန်တော်တို့ရဲ့ ဆွေးနွေးစကားလေးတွေကို စလိုက်ရအောင်ပါ။
 အယ်ဒီတာချုပ် ။ ။ ဆရာဟာ ကိုးတန်း ကျောင်သားဘ၀ကတည်းက စာပေရေးသားနေပြီ ဆိုတာသိရပါတယ်။ အဲဒီတုန်းက ဘယ်လို စိတ်သဘောထားခံယူချက်မျိုးနဲ့ စတင်ခဲ့တာလဲဗျ။
 
လင်းသိုက်ညွန့် ။ ။ ကျွန်တော်က တစ်ဦးတည်းသော သားဆိုတော့ ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ ရင်းနှီးခဲ့ပြီး အဖော်ပြုခဲ့ရတယ်။ ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့တာကြောင့် စာဖတ်တာများလာရင်… စာပေကို ဖန်တီးချင်တဲ့စိတ် ပေါ်လာတတ်တဲ့ သဘောအတိုင်း… ကိုးတန်းကျောင်းသားဘ၀မှာ စာစရေးခဲ့တယ်။ ၂၀၀၀ပြည့်နှစ်မှာ ပထမဆုံးဆောင်းပါးကို Beauty မဂ္ဂဇင်းမှာ စတင်ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အယ်ဒီတာချုပ် ။ ။ လူတစ်ယောက်ရဲ့ တိုးတက် အောင်မြင် ဖြစ်ထွန်းမှုဟာ သူ့ရဲ့ဘ၀ပ၀န်းကျင် အခြေအနေကြောင့်လို့ ဒီကနေ့လူငယ် တော်တော် များများက လက်ခံ ယုံကြည်တတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ့ရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်။
 
လင်းသိုက်ညွန့် မှန်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေက လူတစ်ယောက်ရဲ့ဘ၀တိုးတက် အောင်မြင်မူအပေါ်ကို အနည်းနဲ့ အများဆိုသလို သက်ရောက်မှု ရှိပါတယ်။ ဥပမာ အမေရိကန်မှာရှိတဲ့ လူငယ်လေးတစ်ယောက်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လေးတစ်ယောက် ဘ၀ တိုးတက် အောင်မြင်အောင် ကြိုးစားတဲ့နေရာမှာ ပတ်ဝန်းကျင် အခြေအနေချင်း မတူညီဘူး။ ဒါကို ကျွန်တောကတော့ စနစ် (System) မတူညီဘူးလို့ ပြောချင်ပါတယ်။ ‘System’ ဆိုတဲ့စကားလုံးရဲ့ အရှည်ကို ကျွန်တော်ကတော့ “Safe Yourself Time, Effort, Money လို့ အဓိပ္ပာယ် ပြန်ဆိုချင်ပါတယ်။ ဆိုလိုတာက System ကောင်းတဲ့သူတစ်ယောက်ဟာ System (စနစ်) မကောင်းတဲ့သူ တစ်ယောက်ထက်စာရင် အလုပ်တစ်ခုကို ဆောင်ရွက်တဲ့ အခါမှာ အချိန်ကုန်သက်သာ (Time)၊ အားထုတ်ရတာသက်သာ (Effort)၊ ပိုက်ဆံကုန်သက်သာ (Money) တဲ့ သဘောပါ။ ဒါကြောင့်မို့ ပတ်ဝန်းကျင်ကောင်းတဲ့နေရာမှာရှိတဲ့ လူငယ် တစ်ယောက် အနေနဲ့ ပတ်ဝန်းကျင် မကောင်းတဲ့နေရာမှာရှိတဲ့ လူငယ် တစ်ယောက်ထက် စာရင်တော့ ဘ၀တိုးတက် အောင်မြင်ရေး ကြိုးစားဆောင်ရွက်တဲ့ နေရာမှာ၊ အချိန်၊ အားထုတ်မှု၊ ငွေကြေးကုန်ကျမှုတွေ ပိုမိုသက်သာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပတ်ဝန်းကျင်မကောင်းတဲ့ နေရာမှာရှိနေတဲ့ ဘူတစ်ယောက်အနေနဲ့ ဘ၀ တိုးတက် အောင်မြင် ချင်တယ်ဆိုရင် ပတ်ဝန်းကျင်ကို အပြစ်တင်နေတာထက် မိမိက အချိန်၊ အားထုတ်မှု၊ ငွေကြေး ပိုမို စိုက်ထုတ် သုံးစွဲ ရမှာ ဖြစ်ပါတယ်။
 
အယ်ဒီတာချုပ် ။ ။ ဒီကနေ့ မြန်မာလူငယ်အများစုရဲ့ ကြိုးစားအားထုတ်မှုဟာ အရင်ကနဲ့ စာရင်တော့ အားရစရာ ကောင်းလာပါတယ်။ သူတို့ရဲ့ ကြိုးစား အားထုတ်မှုဟာ အလုပ်တစ်ခုအတွက် ဆိုတာထက် လုပ်ငန်းတစ်ခု ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးဆိုရင် ကျွန်တော်တို့ တိုင်းပြည်အတွက် ပိုကောင်းမယ် ထင်ပါတယ်။ ဆရာကကော ဒီအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲ ဆရာ။
 
 
လင်းသိုက်ညွန့် ။ ။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုတည်ထောင်ပြီး လုပ်ကိုင်တာနဲ့ ၀န်ထမ်းအဖြစ် လုပ်ကိုင်တာဟာ သူ့ဟာနဲ့သူ အားသာချက်၊ အားနည်းချက် တွေရှိပါတယ်၊ ဥပမာ - ၀န်ထမ်း အဖြစ် လုပ်ကိုင်သူ တစ်ယောက် အနေနဲ့ အလုပ်အကိုင်ဆိုင်ရာ လုံခြုံမှု (Job Security) ရှိသလို၊ လုပ်သက်အလိုက် ခံစားခွင့် ရှိသလို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက် အနေနဲ့လည်း အနှောင်အဖွဲ့ကင်းရှင်း မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်တာမျိုးတွေ အားသာချက်ရှိပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက်အနေနဲ့ မိမိမှာရှိတဲ့ ရင်းမြစ် (Resource) မိမိရဲ့အားသာချက်၊ အားနည်းချက်၊ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်စတာတွေကို ချိန်ထိုး စဉ်းစားပြီး ၀န်ထမ်းလုပ်မလား၊ ကိုယ်ပိုင်လုပ်ငန်း လုပ်မလား ဆိုတာကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အောင်မြင်ရေး (Success) သဘော တရား အရတော့ “Wages make Living Profit makes fortune” လို့ ပြောထားတဲ့အတွက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တာကို ပိုအားပေးပါတယ်။
 
 အယ်ဒီတာချုပ် ။ ။ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျေးလက်နေပြည်သူတွေရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ မှီတည် နေတယ်လို့ ထင်ပါတယ်။ သူတို့တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ဆရာ့ရဲ့ အမြင်နဲ့ ဆရာရဲ့ ရှေ့လုပ်ငန်းစဉ် လေးရှိရင်လည်း မျှဝေပေးပါဦးဆရာ။
 
လင်းသိုက်ညွန့် ။ ။ ကျေးလက်နေဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး (Poverty Reduction) လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပထမ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အမြင်အရဆိုရင်တော့ ကျေးလက်နေပြည်သူတွေရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အသေးစားချေးငွေ (Micro Loan) တွေ ထုတ်ချေးပေးနေတာထက် လူတိုင်းကို ငွေချေးပေးမနေဘဲ ဥပမာ - လူ ၁၀၀၀ ကိုတစ်ယောက်ငွေသုံးသောင်းစီချေးမယ့်အစား၊ ဟိုး အရင်တုန်းက အသုံးလုံး သင်တန်း တွေလိုက်ပေးသလို နယ်တွေမှာရှိတဲ့ အခြေခံလူတန်း စားတွေကို စီးပွားရေး ပညာ အခြေခံ ကို မြန်မာဘာသာနဲ့ စနစ်တကျ သင်ကြားပေးပြီး ခိုင်မာတဲ့ စီးပွားရေး Plan ရှိတဲ့ လူတစ်ရာကိုပဲ တစ်ဦးကို ၃သိန်းလောက်စီထုတ်ချေးပေးခြင်းဖြင့် လူတော်တွေ အနေနဲ့ စီးပွားရေးလုပ်နိုင် ကိုင်နိုင်လာပြီး သူတို့ တိုးတက်ဖွံ့ဖြိုးအောင်မြင်လာတာနဲ့ အမျှ ခုနက ကျန်ခဲ့တဲ့ လူကိုးရာကိုပါ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးလာနိုင်မှာ ဖြစ်ပါတယ်။
 
အယ်ဒီတာချုပ် ။ ။ တိုးတက်တဲ့နိုင်ငံ တိုင်းဟာ လေ့လာသင်ယူမှု အားကောင်းလာတဲ့ လူ့ အဖွဲ့အစည်း ဆိုတာ ဆရာတို့ ကျွန်တော်တို့ အားလုံး လက်ခံ ထားကြပါတယ်။ လေ့လာသင်ယူမှုနဲ့ ပတ်သက်လာရင် ပြည်သူတွေရဲ့ စာဖတ်တဲ့ အကျင့်က အတော်လေးကို အရေးကြီးတယ်ထင်ပါတယ်။ ဒီကနေ့ မြန်မာ ပြည်သူ တွေရဲ့ စာဖတ်အား နည်းနေတာနဲ့ ပတ်သက်ပြီး ဆရာ့ရင်ထဲက ပြောချင်တာလေးရှိရင် ပြောပြပေးပါဆရာ။
 
လင်းသိုက်ညွန့် ။ ။ သင်ယူမှု (Lear-ing) လို့ဆိုတဲ့နေရာမှာ (၂) မျိုးရှိပါတယ်။
(၁) တရားဝင်သင်ယူမှု (Formal Learning) နဲ့။
(၂) ကိုယ်ထူကိုယ်ထ သင်ယူမှု (Informal Learning) ပါ။ စာဖတ်ခြင်းကတော့ Informal Learning ထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စာဖတ်နှုန်းကျနေတဲ့ အဓိက အကြောင်းရင်း ကတော့ လူတွေရဲ့ လူမှုစီးပွားဘ၀ (Socio Economic Life) နဲ့။
ဆိုင်မယ်လို့ထင်ပါတယ်။
မြန်မာပြည်သူ တစ်ယောက်အနေနဲ့ ဥပမာ - တစ်နေ့မှာ အချိန် ၁၀၀ ရာခိုင်နှုန်းလောက်ရှိရင် ၈၀ ရာခိုင်နှုန်းလောက်က စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် သူတို့ရဲ့ ရှားရှားပါးပါး ၂၀ ရာခိုင်နှုန်းလောက်ပဲ့ရှိတဲ့ အပန်းဖြေချိန်မှာ ဦးနှောက်ကို အလုပ်ပေးရတဲ့ စာပေဘက်ကိုမလှည့်နိုင်ဘဲ ဂီတ၊ ရုပ်ရှင် စတာတွေဆီမှာပဲ တ၀ဲဝဲလည်နေကြတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံ (Developed Country) ကြီးတွေမှာတော့ ပြည်သူလူထုက တစ်နေ့မှာအချိန် ၁၀၀ ရာခိုင်နှုန်း ရှိရင် ၄၀ ရာခိုင်နှုန်းလောက် အလုပ်လုပ်လိုက်တာနဲ့ စားဝတ်နေရေး ပြေလည်သွားပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရရှိတဲ့ အပန်းဖြေ အနားယူ ချိန်တွေကို စာဖတ်၊ ဂီတ၊ ရုပ်ရှင် မျှမျှတတ သုံးစွဲနိုင်ကြတဲ့အတွက် စာဖတ်နှုန်း မြင့်မားကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူ လူထုရဲ့ စာဖတ်နှုန်း မြင့်မားလာဖို့ဆိုရင် စာကြည့်တိုက်တွေ ဖွင့်ပေးနေရုံ စာဖတ်ကြပါ စာဖတ်ကြပါလို့ အော်နေရုံနဲ့မရပဲ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘ၀ ပြေလည် တိုးတက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လူမှုစီးပွားဘ၀သာ ပြေလည်လာရင် မြန်မာလူမျိုးဟာ အင်မတန်စာဖတ်တဲ့ လူမျိုးပါ။
 
အယ်ဒီတာချုပ် ။ ။ ဆရာဟာ စာပေ ရေးသားတာတွေ၊ ဟောပြောပို့ချတာတွေအပြင် ခုနောက်ပိုင်း စိတ်ဓာတ် စေ့ဆော်မှုဆိုင်ရာ သင်တန်းမျိုးတေါ ဟောပြော ပို့ချတာတွေက တိုးတက်တဲ့ နိုင်ငံတွေမှာ အတော့် ကို ရေပန်းစားနေတာကို တွေ့ရပါတယ် ဆရာ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ခုလို အချိန်မျိုးမှာ အထူး လိုအပ်နေတယ် လို့လည်း မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူအများစု အတွက်တော့ ဒါတွေဟာ အထူးအဆန်းတွေ ဖြစ်နေပါတယ်။ ဒီအပေါ် ဆရာ့ရဲ့အမြင်နဲ့ ဒီလိုကျောင်းပြင်ပ ပညာရေးတွေရဲ့ အနာဂတ် အလားလာကိုလည်း နည်းနည်းလောက် သုံးသပ်ပေးပါဦးဆရာ။
 
လင်းသိုက်ညွန့် ။ ။ အလားအလာ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့လို ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံ တစ်ခုအတွက် ပြည်သူလူထုအတွင်း အပြုသဘော စိတ်ထား (Positive Mind Set) တွေ၊ တက်ကြွ ပျော်ရွှင်တဲ့ စိတ်ဓာတ်တွေ၊ အလုပ်လုပ်ချင်တဲ့ စိတ်ဓာတ်တွေ ပေါ်ပေါက်လာဖို့ Success and Motivation Training တွေ အထူးလိုအပ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိအချိန်မှာ Myanmar’s Land Success, Motivation and Management Institue ကို တည်ထောင်ထားပြီး CEO & Founder အဖြစ် တာဝန်ယူကာ ဘ၀ အောင်မြင်ရေး သင်တန်းများကို လစဉ်ဖွင့်လှစ် သင်ကြားပို့ချပေး လျက်ရှိပါတယ်။
 
အယ်ဒီတာချုပ် ။ ။ ဆရာတို့ ကျွန်တော်တို့ အားလုံးဟာ အလုပ်လုပ်နေတဲ့သူတွေ၊ ကြိုးစားနေတဲ့ သူတွေ ဖြစ်တဲ့ အတိုင်း တစ်ခါတစ်ခါ ကိုယ်မျှော်လင့်တဲ့ အတိုင်း ဖြစ်မလာတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုမျိုးကြုံလာတဲ့အခါ ဆရာဘယ်လိုစိတ် အခြေအနေမျိုးနဲ့ ဒါတွေကို ကျော်လွှားခဲ့ပါသလဲ။
 
လင်းသိုက်ညွန့် ။ ။ မျှော်လင့်ထားသလို ဖြစ်မလာတာတွေ အများကြီးကြုံဖူးပါတယ်။ ဖြစ်လာတဲ့ အခြေအနေ (Condition) တွေကို ကိုယ်က မထိန်း ချုပ်နိုင်တော့တဲ့အခါ။ ဖြစ်လာတဲ့ အခြေအနေ အပေါ်မှာ ကိုယ့်ရဲ့ ရှုမြင်တွေးခေါ် သုံးသပ်မှုနဲ့ တုန်ပြန်မှုတွေကို ပြောင်းလဲနိုင်အောင် ကြိုးစားပါတယ်။ ကောင်းမွန်တဲ့ ရှုမြင်သုံးသပ်မှုတွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကို ဦးတည်စေတယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။
 
အယ်ဒီတာချုပ် ။ ။ ဆရာအခုလို အခြေအနေမျိုး ရောက်ဖို့ ဆရာ ကိုယ်တိုင်နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အကျင့်ကောင်းများ ရှိရင် မျှဝေပေးပါဦး။
 
လင်းသိုက်ညွန့် ။ ။ စာဖတ်တာပါပဲ။ စာဖတ်တာဟာ ဘ၀ကို ရင့်ကျက်စေသလို အသက်ကို ချုံ့ပစ်နိုင်ပါတယ်။ မီဒီယာတွေများစွာရှိတဲ့ အနက် အခြား မီဒီယာတွေက inform ဖြစ်ရုံ၊ ဖျော်ဖြေမှု ပေးရုံလောက်ပဲ ပေးစွမ်းနိုင်ပေမယ့် စာဖတ်ခြင်းကတော့ inform ဖြစ်စေ၊ ဖျော်ဖြေမှုပေးရုံသာမက အပိုဆုအဖြစ် ရင့်ကျက်မှု (Mature) ကိုပါပေး ပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ လူတစ်ယောက် အနေနဲ့ အသက် (၆၀) စာ ရင့်ကျက်ချင်ရင်၊ အသက် (၆၀) စာအောင်မြင်ချင်ရင် စာဖတ်ခြင်းဖြင့် အားထုတ်နိုင်ပါတယ်။ ကျွန်တော် အယူအဆကတော့ အသက်(၃၀) အရွယ်မှာ အသက် (၃၀) စာအောင်မြင်တာဟာ သာမန် ဖြစ်ပါတယ်။ အသက်(၃၀) မှာ အသက် (၄၀) စာ၊ အသက်(၅၀) စာ အောင်မြင်အောင်ကြိုးစားနိုင်ပါမှ ထူးချွန် ထက်မြက်သူ ဖြစ်ပါတယ်။
 
အယ်ဒီတာချုပ် ။ ။ ဆရာဟာ ဒီကနေ့ အောင်မြင်တိုးတက်လိုကြတဲ့ မြန်မာလူငယ်တွေ အတွက် နမူနာစံပြ တစ်ယောက်လို ဖြစ်နေပါတယ်။ ဒီအတွက် ဒီလူငယ်တွေကို ဆရာဘာများပြောချင်ပါသလဲ။
 
လင်းသိုက်ညွန့် ။ ။ ကျွန်တော်တို့တွေဟာ နတ်ဘုရားတွေ မဟုတ်တဲ့အတွက် ဘက်ပေါင်းစုံပြီးပြည့်စုံ (Perfect) တဲ့သူတွေကို မဖန်တီးနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံပြီးပြည့်စုံတဲ့ အသင်း (Perfect Team) တွေကိုတော့ ဖွဲ့စည်းဖန်တီး နိုင်ပါတယ်။ Perfect Team တွေ တစတစများပြား လာတာနဲ့ အမျှ ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ ဘက်ပေါင်းစုံပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်း (Perfect Society) တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
 
 ဟုတ်ကဲ့ပါဆရာ အခုလိုမအားလပ်တဲ့ကြားထဲက အချိန်ပေးပြီး စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ ဆရာကို ကျွန်တော်တို့ Winner’s World မိသားစု က အရမ်းပဲ ကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်။
 
 ကျွန်တော်ကလည်း အခုလို တကူးတက လာရောက် ဆွေးနွေးမေးမြန်းပေးတဲ့ Winner’s World မဂ္ဂဇင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျ။
 
အယ်ဒီတာချုပ် ။ ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ဆရာလည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေ။ ငယ်ရွယ်နုနယ်မှု အရိပ်လက္ခဏာတွေ၊ အောင်စိတ် အောင်အတွေး တွေနဲ့  ရွှင်ပြုံးနေတဲ့ ဆရာသွင်ပြင်၊ ဆရာရဲ့ စကားတွေကို ကြားလိုက်ရပြီးတဲ့ အချိန်…
အပြန်လမ်းတစ်လျှောက်မှာတော့ ကျွန်တော့်ခြေလှမ်းတွေ သွက်လက်ပြီး ရင်ထဲမှာလည်း ပီတိတွေ တိုးလျှံလျက် ရှိနေပါတော့တယ်။